News

POST TYPE

NEWS

အစိုးရတောင်းခံငွေမှ ကျပ်ဘီလီယံ ငါးရာကျော် ဖြတ်တောက်ရန် လွှတ်တော်သို့ တင်ပြ
06-Aug-2020
နေပြည်တော်၊ သြဂုတ် ၅

ပြည်ထောင်စုအစိုးရအဖွဲ့၏ ဗဟိုအဖွဲ့အစည်းများအပါအဝင် ဝန်ကြီးဌာနများ၏ တောင်းခံငွေဖြစ်သော ကျပ် သန်း ၃၄,၆၅၂,၃၉၃ ဒသမ ဝ၀၂ (ဘီလီယံ သုံးသောင်းငါးထောင်ခန့် ) မှ ကျပ်သန်း ၅၂၁,၇၃၀ ဒသမ ဝ၀၇ (ဘီလီယံ ငါးရာကျော်) ကို ဖြတ်တောက်ရန် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီနှင့် စိစစ်ရေးပူးပေါင်းအဖွဲ့၏ အစီရင်ခံစာဖြင့် သြဂုတ်လ ၅ ရက်နေ့ကကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလိုက်သည်။ 

ယင်းသို့ စိစစ်ဖြတ်တောက်ငွေကို အတည်ပြုလိုက်ပါက ကျပ်သန်း ၃,၄၁၃,ဝ၆၆ ဒသမ ၉၉၅ ကို ခွင့်ပြုပေးမည်ဟု အစီရင်ခံစာက ဆိုထားခြင်းဖြစ်သည်။ 

စိစစ်ဖြတ်တောက်ငွေတွင် အများအားဖြင့် ဆောင်လုပ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်သန်း ၃၂၆,၄၀ဝ ဒသမ ၆၆၀၊ ပညာရေးဝန်ကြီး ဌာန၏ သာမန်အသုံးစရိတ်မှ ၁၂,၅၁၅ ဒသမ ၄၂၈ သန်းနှင့် ငွေလုံးငွေရင်းအသုံး စရိတ်မှ ၉,၄၆၁ ဒသမ ၇၀၂ သန်းကို လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းမှ ၄၅,ဝ၈၂ ဒသမ ၃၄၈ သန်းကိုလည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ငွေလုံးငွေရင်းမှ ကျပ်သန်း ၃၃,၉၈၃ ဒသမ ၂၄၈ နှင့် သာမန်အသုံး စရိတ်မှ ၆၁၃ ဒသမ ၈၄၃ သန်းကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်မှ ၂၄ç၈၀၈ ဒသမ ၉၉၂ သန်းကိုလည်းကောင်း ဖြတ်တောက်ရန် လျာထားထားခြင်းဖြစ်သည်။ 

ကျန်ရှိသည့် ဗဟိုအဖွဲ့အစည်းများ နှင့် ဝန်ကြီးဌာနများတွင်လည်း သန်းထောင်ချီ၍ ဖြတ်တောက်ရန်လျာထားမှုရှိနေပြီး အနည်းငယ်စီဖြတ်တောက်ရန် ပြုလုပ်ထားသည့် ဌာနများလည်းရှိသည်။

ဥပမာအားဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ကျပ်သန်း ၂ ဒသမ ၇၄၀ ကိုသာ ဖြတ်တောက်ရန် လျာထားသည်ကိုလည်း အစီရင်ခံစာတွင်တွေ့ရသည်။ 

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်တာဝန်ယူထားသည့် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်တွင် ကျပ်သန်း ၅၀၊ ငွေလုံးငွေရင်း တွင် ၅ ဒသမ ၃၈၀ သန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်မှ ၃,၅၉၀ သန်းနှင့် ငွေလုံးငွေရင်းမှ ကျပ် သန်း ၃၃၇ ဒသမ ဝ၀၈ ကို စိစစ်လျှော့ချ ဖြတ်တောက်ရန် တင်ပြထားသည်ကိုလည်း တွေ့ရသည်။ 

အဆိုပါအစီရင်ခံစာပါ အကြောင်းအရာများသည် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ်တင်ပြသည့် အစီရင်ခံစာဖြစ်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များသည် အကြောင်းအရာ၊ ဌာနနှင့် သက်ဆိုင်သည့်ကိစ္စကို တိတိကျကျ ဖော်ပြ၍ လွှတ်တော်ရုံးသို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့သည်။

S-01