News

POST TYPE

NEWS

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် လင်းပိုင်များကိုစစ်ဆေး
05-Aug-2020
ရန်ကုန်၊ သြဂုတ် ၅

ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ထံမှသိရသည်။

ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ငါးလုပ်ငန်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးဌာနမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးဌာနမှူး၊ ခရိုင်မှူး၊ မြို့နယ်မှူးများ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ပူးပေါင်း၍ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၁ အတွင်း ဧရာဝတီလင်းပိုင် ဝ၀၁ ရေယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သွားရောက်စစ်ဆေးစဉ် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး၊ ငါးသယံဇာတ ထိန်းသိမ်းရေး၊ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုပပျောက်ရေးတို့အတွက် ရှေ့ဆက်၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လုပ်ကိုင်ရမည့်လုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဇင်ထူးက မှာကြားခဲ့ကြောင်း သိရသည်။

"ပင်ပန်းရတာ ကျေနပ်ပါတယ်။ ရေကြီးပြီးမြစ်ပြင်ကျယ်နေတဲ့အချိန် ဧရာဝတီလင်းပိုင်တွေ့ဖို့ ခက်ခဲပေမယ့် ဆရာမ ပုညခင်ရဲ့ ပုံပြင်သီတဲ့ပိုးကြိုးမျှင်ဝတ္ထုထဲက နန်းတော်ကျွန်း (မင်းကွန်းတစ်ဘက်ကမ်း) ဧရာဝတီမြစ်အလယ်မှာ ဧရာဝတီလင်းပိုင် ၄ ကောင်အုပ်စု တွေ့ရပါတယ်။ ဝမ်းသာလိုက်တာဗျာ" ဟု ဦးမြင့်ဇင်ထူးက ပြောကြားသည်။

အဆိုပါခရီးစဉ်အတွင်း မြစ်ရေကြီးနေစဉ်ကာလဖြစ်သော်လည်း ဧရာဝတီလင်းပိုင် ၄ ကောင်တစ်အုပ်ကို မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအနီးရေပြင်တွင် တွေ့ရှိခဲ့ရပြီး ဧရာဝတီလင်းပိုင်များသည် မန္တလေးတိုင်းဒေသကြီး၊ မင်းကွန်းဒေသမှ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ နေထိုင်ကျက်စားကြပြီး ဧရာဝတီလင်းပိုင်များကို နောက်ဆုံးကောက်ယူခဲ့သည့် စာရင်းများအရ ၇၉ ကောင်ရှိကြောင်း WCS ထံမှ သိရသည်။

ငါးလုပ်ငန်းဆောင်ရွက်သူများသည် ဧရာဝတီလင်းပိုင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ တစ်ကောင်လုံးကိုသော်လည်း၊ အစိတ်အပိုင်းများအဖြစ်သော်လည်းကောင်း၊ ရောင်းဝယ်ခြင်း မပြုလုပ်ရန်နှင့် မိမိတို့၏ မျှောပိုက်များတွင် ဧရာဝတီလင်းပိုင်များနှင့် ယင်းတို့၏ သားပေါက်ငယ်များ မတော်တဆဖမ်းဆီးရမိခဲ့လျှင် မြစ်အတွင်းသို့ အရှင်အတိုင်း အမြန်ဆုံးပြန်လွှတ်ပေးရန် ထုတ်ပြန်ထားသည်။

S-07