News

POST TYPE

NEWS

ရန်ကုန်တိုင်းအတွက် လက်ထောက်ဆရာဝန် ၂၀ဝ ကျော်ခန့်အပ်
05-Aug-2020


ရန်ကုန်၊ သြဂုတ် ၄ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် လစ်လပ်နေသည့် လက်ထောက်ဆရာဝန် ရာထူးနေရာ ၂၀ဝ ကျော်ကို ရေးဖြေစာမေးပွဲကျင်းပခြင်း မပြုလုပ်တော့ဘဲ ခန့်ထားလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာသည်။

လက်ထောက်ဆရာဝန် ရာထူးနေရာများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာစာအမှတ် ၁/၂၀၂၀ ဖြင့် လျှောက်လွှာခေါ်ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံကြီး၊ ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် ခန့်ထားမည်ဖြစ်သည်။

လက်ထောက်ဆရာဝန် ရာထူးနေရာများကို လျှောက်ထားသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေ ၁၅ ကို အသုံးပြုပြီး ရေးဖြေစာမေးပွဲ ကျင်းပခြင်းမပြုလုပ်တော့ဘဲ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၌ စိတ်အခြေအနေနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းပြုလုပ်ကာ လက်ထောက်ဆရာဝန် ၂၂၄ ဦးကို စိစစ်ခန့်ထားခြင်းဖြစ်သည်။

အဆိုပါ ရွေးချယ်ခြင်းခံထားရသူများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း ခန့်ထားမှုအား ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနက ခန့်ထားမည်ဟု ကြေညာချက်တွင် ပါရှိသည်။

လက်ထောက်ဆရာဝန်များအဖြစ် ရွေးချယ်ခြင်းခံရသူများသည် သက်ဆိုင်ရာတိုင်းဒေသကြီးအတွင်း အသားတင်လုပ်သက် ၃ နှစ်ပြည့်အောင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ဆေးပညာမဟာသိပ္ပံဘွဲ့လွန် စာမေးပွဲဖြေဆိုခွင့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်သက်သတ်မှတ်ချက်နှင့် ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး အောင်မြင်ပါက တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

လက်ထောက်ဆရာဝန် ရာထူးနေရာများကို ရန်ကုန်တိုင်းဒေသကြီးတွင်ပင် ခေါ်ယူခဲ့ခြင်းမျိုးမဟုတ်ဘဲ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၇၀ နေရာ၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ၁၅၃ နေရာ၊ ကရင်ပြည်နယ်အတွက် ၄၁ နေရာ၊ ကယားပြည်နယ် အတွက် ၇၇ နေရာ၊ ကချင်ပြည်နယ် အတွက် ၅၃ နေရာ၊ ရှမ်းပြည်နယ်အတွက် ၂၃၆ နေရာ၊ မွန်ပြည်နယ်အတွက် ၁၀ နေရာတို့ကိုလည်း ခေါ်ယူခဲ့သေးသည်။

S-09