News

POST TYPE

NEWS

၂၀၂၁ ဆီးဂိမ်းအတွက် ပြည်ပနိုင်ငံများတွင် သွားရောက်လေ့ကျင့်နိုင်မဟုတ်
05-Aug-2020


ရန်ကုန်၊ သြဂုတ် ၃

၂၀၂၁ ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစားအဖွဲ့များ အနေနှင့် ပြည်ပနိုင်ငံများသွားရောက် လေ့ကျင့်နိုင်မည်မဟုတ်ဘဲ ပြည်တွင်း၌သာ လေ့ကျင့်ရဖွယ်ရှိကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာအားကစားအဖွဲ့များသည် ယခင်နှစ်များက ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ တရုတ်နိုင်ငံ၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများသို့ အဖွဲ့ချုပ်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ စီစဉ်မှုဖြင့် သွားရောက်လေ့ကျင့်ခွင့် ရရှိခဲ့သော်လည်း ယခုနှစ်တွင် ပြည်ပနိုင်ငံများ၌ သွားရောက်လေ့ကျင့်နိုင်မည် မဟုတ်ကြောင်း  တာဝန်ရှိသူကဆိုသည်။

"လက်ရှိမှာလေ့ကျင့်မှုကလည်း မစနိုင်သေးဘူး။ ပြည်ပနိုင်ငံတွေမှာ သွားလေ့ကျင့်ဖို့လည်း မဖြစ်နိုင်ဘူး။ ဒါ့ကြောင့်  ပြည်ပနည်းပြတွေငှားပြီး ပြည်တွင်းမှာပဲ လေ့ကျင့်ရမယ်။ ဒီနှစ်ကတော့ ဘတ်ဂျက်အနေအထားပေါ် မူတည်ပြီး ကစားနည်းအလိုက် ဝင်ပြိုင်နိုင်တာတွေလည်း လျော့နည်းနိုင်တယ်။ အဖွဲ့ချုပ်တွေကလည်း  လက်ရှိမှာ စီးပွားရေး ပြန်မကောင်းသေးတဲ့ အနေအထားကြောင့် တချို့တွေဆို ဝင်ပြိုင်နိုင်မှာမဟုတ်ဘူး" ဟု တာဝန်ရှိသူကဆိုသည်။

မြန်မာအားကစားအဖွဲ့များသည် ဆီးဂိမ်းပြိုင်ပွဲပြင်ဆင်မှုကို ယခုနှစ်ကုန်ပိုင်းမှ ပြန်လည်စတင်နိုင်ဖွယ်ရှိသည်။ မြန်မာအားကစားအဖွဲ့များသည် လာမည့်နှစ် ဆီးဂိမ်းပြိုင်ပွဲအတွက် ၂၀၂၀ နှစ်ဆန်းပိုင်းက စတင်ပြင်ဆင်ခဲ့သော်လည်း ကမ္ဘာ့ ကပ်ရောဂါ COVID-19 အန္တရာယ်ကြောင့်  မတ်လအတွင်းစတင်ကာ စခန်းသွင်းလေ့ကျင့်မှုများကို ရပ်နားထားရသည်။ 

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ၂၀၂၁ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။ 

မြန်မာအားကစားအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းတွင် ရွှေ လေးခု၊ ငွေ ၁၈ ခုနှင့် ကြေး ၅၁ ခု ဆုတံဆိပ်ပေါင်း ၇၃ ခု ရရှိကာ နိုင်ငံအလိုက်ဆုရရှိမှု  အဆင့်(၇) နေရာ၌ ရပ်တည်ခဲ့သည်။   

ချစ်ဝိုင်း