News

POST TYPE

NEWS

လာမည့်ရာသီတွင် တိုက်စစ်အင်အားမြှင့်တင်ရန်အတွက် လီဗာပူးမှအိုရီဂီကို ဒင်းစမစ်ပစ်မှတ်ထား
04-Aug-2020


အက်စတွန်ဗီလာ၊ သြဂုတ် ၃

အက်စတွန်ဗီလာအသင်းနည်းပြ ဒင်းစမစ်သည် လာမည့်ရာသီတွင်တိုက်စစ်ပိုင်းကို အားဖြည့်ရန်စီစဉ်နေပြီး လီဗာပူးမှ အိုရီဂီကိုပစ်မှတ်ထားလျက်ရှိကြောင်း The Sun က ဖော်ပြခဲ့သည်။ 

၂၀၁၉-၂၀ ဘောလုံးရာသီတွင် တန်းတင်ကျန်ရစ်ရန်အတွက် ရာသီပိတ်ပွဲစဉ်အထိ အကြိတ်အနယ်ကြိုးစားခဲ့ရပြီးနောက် လာမည့်ရာသီအတွက် ပြင်ဆင်မှုကောင်းများကို လုပ်ဆောင်ရန်စီစဉ်နေခြင်း ဖြစ်သည်။ 

အက်စတွန်ဗီလာအသင်းသည် ဘုန်းမောက်ကို တစ်မှတ်အသာရခဲ့ခြင်းကြောင့် အဆင့် ၁၇ နေရာ ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန် ခွင့်ရခဲ့သည်။ 

အသင်းတိုက်စစ်မှူးများဖြစ်သည့် ဝက်စလေနှင့် ဆမက်တာတို့သည် ပြီးခဲ့သည့်ရာသီ တစ်လျှောက်တွင်ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိသောကြောင့် တိုက်စစ် မှူးသစ်တစ်ဦး ခေါ်ယူရေးမှာ အက်စတွန် ဗီလာအသင်းအတွက် ဦးစားပေးလုပ်ဆောင်ချက်ဖြစ်နေသည်။ 

လက်ရှိတွင် လီဗာပူးမှ အိုရီဂီကို အဓိက စိတ်ဝင်စားနေပြီး ဘယ်လ်ဂျီယံ တိုက်စစ်မှူးသည် ကလော့ပ်အသင်းအတွက် အရေးပါသည့်သွင်းဂိုးအချို့ကို ရယူပေးနိုင်ခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့် အာမခံချက်မရှိသောကြောင့် အန်ဖီးလ်ကို ကျောခိုင်းဖွယ်ရှိနေသည်။ 

အသက် ၂၅နှစ်အရွယ် အိုရီဂီသည် လီဗာပူးအတွက် ၉၁ ပွဲပါဝင်ကစားပေးထား သူဖြစ်ပြီး ၂၆ ဂိုးသွင်းထားနိုင်သော်လည်း ပွဲစဉ်အများစုကို လူစားဝင်အဖြစ်သာ ကစားခဲ့ရသည်။

ငြိမ်းပြည့်