News

POST TYPE

NEWS

အမြန်လမ်းမိုင်တိုင် ၁၃၆ အနီးတွင် လမ်းပေါ်ရေကျော်
03-Aug-2020


တောင်ငူ၊ သြဂုတ် ၃

မိုးရေနှင့်တောင်ကျချောင်းရေများကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃၆ အနီးတွင် သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်ကာ လမ်းပေါ်ရေကျော်နေသည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ ရဲမှူး ဇာနည်မောင်က ပြောကြားသည်။

“လက်ရှိတော့ အမြန်လမ်းမှာ တစ်နေရာပဲရေကျော်တာရှိတယ်။ ကားမောင်းတဲ့သူတွေကိုတော့ သတိပေးပြီးဖြတ်ခိုင်းထားတယ်။ ဖြတ်လို့လည်း ရသေးပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါနေ့ နံနက်၂ နာရီခန့်ကစတင်ကာ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူခရိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး တောင်ကျချောင်းရေများကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်း ဗောဓိကုန်းအရဲစခန်းအပိုင် မိုင်တိုင် ၁၃၆/၅ ဖာလုံမှ ၁၃၆/၇ ဖာ လုံအထိ နှစ်ဖာလုံခန့် လမ်းမကြီးပေါ် ရေကျော်နေသဖြင့် အမြန်လမ်းမကြီးပြုပြင်ထိန်းသိမ်းရေးနှင့်ကြီးကြပ်မှု အင်ဂျင်နီယာအဖွဲ့မှ ခရီးသွားပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းတားတုံးများချ၍ တစ်လမ်းမောင်းပြုလုပ်ကာ သဲအိတ်များဖြင့် ရေတားခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။

အလားတူ ရန်ကုန်-မန္တလေးလမ်းဟောင်း အုတ်တွင်းမြို့နယ် ဂွေးတောက်ခင်ရွာနှင့်ဆွဲလွဲချောင်းရွာအကြား အုတ်ဖိုနှင့်ညောင်ခြေထောက်အကြား၊ အုတ်တွင်းနှင့်ကျောက်တလင်းရွာကြား စသည့်နေရာသုံးခုတွင် လမ်းပေါ်ရေကျော်ပြီး ခရီးသည်တင်ကားနှင့်ကုန်တင်ကားအချို့ ပိတ်မိနေသည်ဟု အုတ်တွင်းဒေသခံများ ထံမှသိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုန်လေအားကောင်းပြီး မုန်းတိုင်းဖြစ်ပေါ်နိုင်သဖြင့် သြဂုတ် ၃ ရက်နေမှ ၈ ရက်နေ့အထိ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံးရွာနိုင်ပြီး ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်ကျား မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုးဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

R-02

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး