News

POST TYPE

NEWS

သြစတြေးလျမှ မြန်မာနိုင်ငံသား ၁၄၁ ဦး ပြန်လည်ရောက်ရှိ
03-Aug-2020
ရန်ကုန်၊ သြဂုတ် ၃

သြစတြေးလျနိုင်ငံသို့ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသော မြန်မာနိုင်ငံသား ၁၃၀ ဦးနှင့် မြန်မာသင်္ဘောသား ၁၁ ဦးတို့ကို သြဂုတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိယအကြိမ်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မြန်မာသံရုံး (ကင်ဘာရာ) က ထုတ်ပြန်သည်။

သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ပါပူဝါနယူးဂီနီနိုင်ငံနှင့် အရှေ့ဖျားဒေသတို့တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း သတင်းပေးပို့လာသည့်အရေအတွက်မှာ ၂၀၀ ကျော်အထိရှိခဲ့ရာ ခန့်မှန်းထားသည်ထက် များပြားနေသည့်အတွက် ခရီးသည် ၁၁၅ ဦးအား ဇူလိုင်လ ၂၀ ရက်နေ့တွင် ဦးစွာပြန်လည်စေလွှတ်ခဲ့ပြီး ကျန်ရှိသူများကို တတိယအကြိမ်ကယ်ဆယ်ရေးလေယာဉ်ဖြင့် သြဂုတ်လ ၃ ရက်နေ့တွင် ထပ်မံစေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများကို ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ပြန်လည်စေလွှတ်ခဲ့ရာ ယခုအကြိမ်နှင့်ဆိုလျှင် မြန်မာနိုင်ငံသား ၃၃၅ ဦးအထိ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်။

သြဂုတ်လ ၂ ရက်နေ့ကလည်း အမေရိက၊ ကိုရီးယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား ၁၃၆ ဦး ပြန်လည်ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာနေရာများ၌ အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှပြန်လည်ရောက်ရှိလာသူများအနက် သြစတြေးလျနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများထဲမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မတွေ့ရှိရသေးဘဲ အခြားနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများထဲကသာ ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိနေရသည်။

ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရေးအတွက် ပုံမှန်အပတ်စဉ် အင်ချွန်း-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် ၁၆ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အား သြဂုတ်လ ၄ ရက်နေ့တွင်တစ်ကြိမ်၊ အမေရိကန်ပြည်ထောင်စုတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် ချိတ်ဆက်ခေါ်ဆောင်နိုင်ရေးအတွက် ဒုတိအကြိမ်မြောက် အထူးအစီအစဉ်အဖြစ် ဆောင်ရွက်သွားမည့် အင်ချွန်း-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်အား သြဂုတ်လ ၁၂ ရက်နေ့တွင် ပျံသန်းပြေးဆွဲသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

S-09