News

POST TYPE

NEWS

ကန်ဒေါ်လာသန်း ၂၃၀ ကျော် ရင်းနှီးမြှုပ်နှံမည့် လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်း လုပ်ကိုင်ခွင့်ပြု
03-Aug-2020
ရန်ကုန်၊ သြဂုတ် ၂

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမေရိကန်ဒေါ်လာသန်း ၂၃၀ ကျော် ရင်းနှီးမြှုပ်နှံမည့် လှည်းကူးစက်မှုဥယျာဉ် မြို့တော် စီမံကိန်းအပါအဝင် အခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင် ခွင့်ပြုလိုက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၇ ခုမှ မတည်ငွေရင်းတိုးမြှင့် ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် ၇ ခုကို ခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၆၂ ဒသမ ၆၉၃ သန်းနှင့် ကျပ် ၇၃,၂၀၆ ဒသမ ၅ သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၃,၆၆၂ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။ 

ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက် စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အမေရိကန်ဒေါ်လာ ၂၃၀ ဒသမ ၆၀ သန်းတန်ဖိုးရှိ လှည်းကူး စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် ဂျပန် နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံမည့် လုပ်သားအင်အား ၂,၃၀၀ ကျော် ဖန်တီးပေးနိုင်မည့် AEON Large Scale Shopping Mall လုပ်ငန်းတို့ ပါဝင်သည်။

ကော်မရှင်၏ ၁၀/၂၀၂၀ ကြိမ် မြောက် အစည်းအဝေးကို သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ကော်မရှင် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်အနေနှင့် COVID-19 ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ ရှိသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျက်ရှိပြီး ကော်မရှင်က လက်ခံရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ဆောလျင်စွာ စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး နိုင်ငံ/ဒေသပေါင်း ၅၁ ခုမှ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၅၂ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၂၆ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။ 

S-07