News

POST TYPE

NEWS

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကိုယ်စားလှယ်လောင်းအမည်စာရင်း ကိုယ်တိုင်တင်သွင်း
03-Aug-2020
ရန်ကုန်၊ သြဂုတ် ၂

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံရန် သြဂုတ်လ ၂ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ကိုယ်တိုင်လာရောက်လျှောက်ထားခဲ့ကြောင်း ယင်းကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

“ဒီမနက် ၁၀ နာရီလောက်က လာပြီး အမည်စာရင်း တင်သွင်းသွားတာပါ။ အဓိကတော့ သူ့ရဲ့ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းတဲ့ကိစ္စ လာလျှောက်တာပါ။ ကျန်တာကတော့ ထွေထွေထူးထူး မမှာပါဘူး”ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌ ဒေါက်တာကျော် စိုးဝင်းက အတည်ပြုပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် လုပ်ကိုင်နေစဉ် နိုင်ငံတော်သမ္မတ ဦးထင်ကျော် အနားယူသွားသဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများအနေနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်းများကို လက်ခံဆောင်ရွက်ခြင်း၊ စိစစ်ခြင်းများ ဆောင်ရွက်ရပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း လက်ခံခြင်း၊ စိစစ်ခြင်းတို့ကို တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆောင်ရွက်ရကြောင်း အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကျော် စိုးဝင်းက ရှင်းပြသည်။

S-08