News

POST TYPE

NEWS

ရခိုင်မြောက်ပိုင်း အင်တာနက်ပြန်ဖွင့်ပေး
02-Aug-2020
ရန်ကုန်၊ သြဂုတ် ၂

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် တစ်နှစ်ကျော်ကြာပိတ်ထားသည့် အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

အဆိုပါ တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် အင်တာနက်လိုင်းများကို သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက စတင်ကာပြန်ဖွင့်ပေးခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ နှင့် ချင်းပြည်နယ် ပလက်ဝ အစရှိသည့် မြို့နယ်များကို အစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်းများ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေမှုများ၊ စစ်ဘေးရှောင်အရေအတွက် မြင့်တက်လာမှု အခြေအနေများကြောင့် အင်တာနက်ပြန်ဖွင့်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ရခိုင်မြောက်ပိုင်းတွင် အင်တာနက်လိုင်းများ ပြန်ရပြီဖြစ်သော်လည်း 4G အပြည့်အဝမရသေးဘဲ ယခင် 2G အဆင့်ထိသာပြန်ရသေးကာ အင်တာနက်လိုင်းနှေးကွေးနေသေးကြောင်း ဘူးသီးတောင်မြို့နယ်တွင်နေထိုင်သည့် ကိုဦးက ပြောကြားသည်။

“လိုင်းတော့ပွင့်တယ်။ မနေ့ညက ၁၁ နာရီလောက်က လိုင်းပွင့်ပြီကြားလို့ ပြန်ဖွင့်တော့ တက်တော့တက်တယ်။ E လိုင်းပဲတက်ပြီးတော့ အဝိုင်းလည်နေတာများတယ်။ ဖေ့စ်ဘုတ်တော့ ပြန်သုံးလို့ရတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင် အစရှိသည့် မြို့များနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့များတွင် အင်တာနက် ဝန်ဆောင်မှုများဖြတ်တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာ အားလုံးကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အများပြည်သူလုံခြုံရေးအခြေအနေအရ တည်ငြိမ်အေးချမ်းမှုအရ၊ တရားဥပဒေစိုးမိုးမှု မကောင်းဘူးသည့် အခြေအနေအရ ယင်းသို့ အင်တာနက်ဖြတ်တောက်ထားခြင်းဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းမှု ရရှိလာသည့်အခြေအနေအရ အင်တာနက်ပြန်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း အစိုးရက ပြောကြားထားသည်။

S-04