News

POST TYPE

NEWS

ရသေ့တောင်ရှိ တိုက်ပွဲရှောင်စခန်းများတွင် ကျောင်းတက်ရမည့် ကျောင်းသားတစ်ထောင်ကျော်ရှိ
02-Aug-2020
ရန်ကုန်၊ သြဂုတ် ၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၁၈ ခုတွင် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ တစ်ထောင်ကျော်အထိရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ယခုပညာသင်နှစ် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကျောင်းတက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ သူငယ်တန်းမှ Grade-11 အထိ အရေအတွက် တစ်ထောင်ကျော်အထိရှိပြီး လက်ရှိအချိန်တွင် ကျောင်းတက်ရောက်ရမည့် အထက်တန်းအဆင့် Grade- 9 ကျောင်းသား၊ ကျောင်းသူတစ်ရာကျော်၊ Grade-10 ကျောင်းသား၊ ကျောင်းသူ လေးဆယ်ကျော်၊ Grade-11 ကျောင်းသား၊ ကျောင်းသူရှစ်ဆယ်နီးပါးရှိကြောင်း ရသေ့တောင်မြို့နယ် ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူခွင့်အတွက် အချို့တိုက်ပွဲရှောင်စခန်းများနှင့် နီးစပ်ရာနေရာများရှိ ကျောင်းများတွင် ယင်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံပြီး တက်ရောက်ခွင့်ပေးထားသကဲ့သို့ ကျောင်းများနှင့်နီးစပ်မှုမရှိသည့် နေရာများတွင် ယာယီစာသင်ကျောင်းများဖြင့် ပညာသင်ကြားပေးနိုင်စေရန် ဆောင်ရွက်ပေးထားကြောင်း ရသေ့တောင်မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် IDP စခန်း ၁၈ ခုနှင့် ယာယီတိုက်ပွဲရှောင် ၁၇၃ ခုတို့တွင် အိမ်ထောင်စုလေးသောင်းကျော်၊ လူဦးရေ တစ်သိန်းကိုးသောင်းကိုးထောင်ကျော် နေထိုင်လျက်ရှိကာ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ကျောင်းတက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်နေသည်။

ယခုအခါ ရသေ့တောင်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် တိုက်ပွဲရှောင်ပြည်သူများထဲမှ ကျောင်းသား၊ ကျောင်းသူပါဝင်မှုမှာ တစ်ထောင်ကျော်အထိရှိနေသော်လည်း ယင်းစာရင်းမှာ ထပ်မံတိုးလာသည့် အနေအထားများလည်း ရှိနေသေးကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။

S-09