News

POST TYPE

NEWS

မြောင်းမြ၌ ကိုဗစ်ကာလ ထောက်ပံ့ငွေများကို ကိုယ်ကျိုးသုံးသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူ
02-Aug-2020
ပုသိမ်၊ သြဂုတ် ၁

မြောင်းမြမြို့နယ် ကံဘဲ့လေးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးသည် ကိုဗစ်ကာလ ထောက်ပံ့ငွေများကို ကိုယ်ကျိုးသုံးခဲ့သည့်အတွက် ဖမ်းဆီးအရေးယူထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်တစ်စုလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ အိမ်ထောင်စု ၂၇၃ စုအတွက် ကျပ် ၅,၄၆၀,၀၀၀ ကို ကံဘဲ့လေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက အလွဲသုံးခဲ့သဖြင့် ဖမ်းဆီး အရေးယူရခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

“ထုတ်ယူခဲ့တဲ့ငွေတွေကို ပေးရမယ့် သူတွေကိုမပေးဘဲ တိမ်းရှောင်နေတယ်လို့ မြောင်းမြမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က ရဲစခန်းမှာ တိုင်ကြားလာလို့ ဇူလိုင်လ ၃၀ ရက်နေ့ကပဲ ဖမ်းဆီးလိုက် တာဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။

နိုင်ငံ​​တော်အစိုးရက အခြေခံပြည်သူများကိုပေးသည့် ကိုဗစ်​ထောက်ပံ့ငွေများ ဖြင့် ဓာတ်မြေသြဇာကြွေးဆပ်ခဲ့သည့်အတွက် ကျပ်သုံးသိန်းသာ ကျန်တော့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့၏ ကနဦးသတင်းတွင် ဖော်ပြထားသည်။

နိုင်ငံ​တော်အစိုးရက အခြေခံပြည်သူများအား ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို အလွဲသုံးခဲ့သည့် အသက် ၄၇ နှစ်အရွယ်ရှိ ကံဘဲ့လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကို မြောင်းမြမြို့မ ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။

မြောင်းမြမြို့နယ်တွင် ကျေးရွာအုပ်စု ပေါင်း ၁၁၄ အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၂၉,၃၅၁ စုအတွက် ကျပ် ၅၈၇,ဝ၂၀,ဝ၀၀ ထောက်ပံ့ပေးအပ်ထားကြောင်း ဧရာဝတီတိုင်းကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ 

R-04