News

POST TYPE

NEWS

ကျောင်းသား၊ ကျောင်းသူများကို စက်ဘီးအစီး ၁၀၀၀ လှူဒါန်းရန်စီစဉ်
02-Aug-2020
ရန်ကုန်၊ သြဂုတ် ၁

ကျောင်းနှင့် အလှမ်းဝေးသောနေရာများမှ ကျောင်းတက်ရသည့် ကျောင်းသား၊ ကျောင်းသူများကို စက်ဘီး အစီးရေ ၁၀၀၀ လှူဒါန်းရန်စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာယုယုမေက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဇနီး ဒေါက်တာယုယုမေ ဦးဆောင်သော တိုင်းဒေသကြီး အမျိုးသမီး ကော်မတီက သွားလာရခက်ခဲသည့် ကျေးလက်ဒေသများရှိ အမှန်တကယ်လိုအပ်သော အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီးစီးရေ ၁၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြထားခြင်းဖြစ်သည်။

“မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီမှ ကျေးလက်နေကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေး အဆင်ပြေစေရန် သားသမီးချင်းစာနာစွာဖြင့် ကူညီခြင်းဖြစ်ပါတယ်။ ဒီလအတွင်း အကောင်အထည်ဖော်နိုင်အောင် ကြိုးစားစီစဉ်နေပါတယ်” ဟု ဒေါက်တာ ယုယုမေက ရေးသားထားသည်။

ထို့ပြင် အခြေခံပညာမူလတန်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက မူလ တန်းကျောင်းသား၊ ကျောင်းသူများ အာဟာရပြည့်ဝစေရန်၊ ကိုယ်ခံအားကောင်းမွန်ပြီး ပညာဉာဏ တိုးပွားကာ ပညာကောင်းစွာသင်ယူနိုင်စေရန်အတွက် မူလတန်းကျောင်းများ ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက် နွားနို့တိုက်ကျွေးခြင်းများကို တစ်ပတ်လျှင် ၂ ကြိမ်ပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာယုယုမေ နာယက အဖြစ် ပါဝင်ဆောင်ရွက်နေသည့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီသည် HIV+ve မိဘမဲ့ကလေးများကို စောင့်ရှောက်ထားသော နေရာတစ်ခုကိုလည်း ထောက်ပံ့မှုများ ပြုလုပ်ပေးထားပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုအပ်ချက်များရှိသည့် နေရာများကို ပံ့ပိုးမှု လိုက်လံပြုလုပ်ပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

S-09