News

POST TYPE

NEWS

မော်တော်ယာဉ်တင်သွင်းခွင့် အကောက်ခွန်နှုန်းထားများလျှော့ချ
02-Aug-2020

Covid-19 ကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးကျဆင်းမှုကို ကုစားသည့်အနေနှင့် မော်တော်ယာဉ်အကောက်ခွန်နှုန်းထားများကို လျှော့ချလိုက်သည်ဟုဆိုသည်

ရန်ကုန်၊ သြဂုတ် ၁

Covid-19 ကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးကျဆင်းမှုကို ကုစားသည့်အနေဖြင့် မော်တော်ယာဉ်အကောက်ခွန်နှုန်းထားများကို လျှော့ချလိုက်ကြောင်း အကောက်ခွန်ဦးစီးဌာနက သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ မော်တော်ယာဉ် အကောက်ခွန်နှုန်းထားများ လျှော့ချပေးသည့် ထုတ်ပြန်ချက်ကြောင့် မော်တော်ယာဉ်ဈေးကွက် အနေဖြင့် အဝယ်ခေတ္တ ရပ်ဆိုင်းနိုင်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။ 

“CPU (ပြည်ပမှ တင်သွင်းခွင့်) ကို အဓိက လျှော့ပေးလိုက်တာပါ။ SKD (ပြည်တွင်းတွင် ပြန်ထုတ်လုပ်ခွင့်) က ၂.ဝ စမှာဆိုတော့ ၁.၅ တွေ မပါဘူး။ SKD က အခုရန်ကုန်မှာထုတ်နေတာက အကုန် ၁.၅ တွေ ကြီးများတယ်။ ဒီထုတ်ပြန်ချက်ကြောင့် ဈေးကွက်အပေါ် ယိုင်သွားနိုင်တယ်။ အဝယ်တွေ ရပ်ဆိုင်းသွားနိုင်တယ်။ ရေရှည်မှာတော့ ပြန်စောင့်ကြည့်ရမယ်” ဟု Aung Gabar Motor Services ကုမ္ပဏီမှ တာဝန်ရှိသူ ကိုသိန်းလှိုင်ထူးက ပြောကြားသည်။

လက်ရှိ လျှော့ချလိုက်သည့်နှုန်းထားများအရ လူစီးမော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ 2000 CC နှင့် အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ အင်ဂျင်ပါဝါ 2001 CC နှင့်အထက်ကို လက်ရှိအကောက်ခွန်နှုန်း ၄၀ ရာခိုင် နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချလိုက်ကြောင်း သိရသည်။

SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များတွင် အင်ဂျင်ပါဝါ 2000 CC နှင့် အောက်ကို ယခင် အကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်းမှ ယခုလက်ရှိတွင် လုံးဝကောက်ခံတော့မည် မဟုတ်ဘဲ သုညရာခိုင်နှုန်းအထိလည်းကောင်း၊ အင်ဂျင်ပါဝါ 2001 CC နှင့် အထက်ကို ယခင်အကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်းမှ ယခုလက်ရှိတွင် ၅ ရာခိုင်နှုန်းကို လျှော့ချ လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“အရောင်းအဝယ်ကတော့ အခုက ဝယ်လိုအားနည်းတယ်။ ရောင်းလိုအားများတယ်။ ကိုဗစ်မဖြစ်ခင်က ဝယ်ထားတဲ့ကားတွေက အရှုံးခံပြီး ပြန်ရောင်းရတာများတယ်။ ဈေးကွက်က ရောင်းရတဲ့ကားကလည်း ပစ်ကပ်လောက်ပဲရောင်းရတယ်။ သိန်း ၁၀၀ ကနေ ၁၅၀ ဈေးနှုန်း ကားတွေပဲရောင်းရတယ်။ အကောက်ခွန်လျှော့ပေမယ့် အပေါ်ကားတွေလောက်ပဲ ဈေးကျမယ်။ အောက်ကားကတော့ ဈေးက ပုံမှန်ပဲသွားနိုင်တယ်။ ဝယ်လိုအားကတော့နည်းတော့ ဈေးကတော့တက်ဖို့ မရှိနိုင်ဘူး” ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုလွင်ဦးက ပြောသည်။

S-05