News

POST TYPE

NEWS

အထက်တန်းကျောင်း တစ်ထောင်ကျော် ဆက်ဖွင့်ရန်စီစဉ်
31-Jul-2020


ရန်ကုန်၊ ဇူလိုင် ၃၀ 

တစ်ပတ်အတွင်း အေအဆင့်ရရှိသော အခြေခံပညာအထက်တန်းကျောင်း တစ်ထောင်ကျော်ရှိလာပြီး ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ စိစစ်အကဲဖြတ်၍ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း အခြေခံ ပညာဦးစီးဌာနထံမှ သိရသည်။

အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် အထက်တန်းမှစ၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းများစတင်ဖွင့်လှစ်ချိန်တွင် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် ကိုက်ညီ၍ အေအဆင့်ရရှိသော အထက်တန်းကျောင်း ၃၇၇၂ ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းနေ့တွင် အေအဆင့်ရရှိသော ကျောင်းပေါင်း ၂၀ဝ ကျော်တိုးလာသဖြင့် စုစုပေါင်း ၃၉၉၉ ကျောင်း ဖွင့်လှစ်ထားသည်။

အေအဆင့်မမီသော အထက်တန်းကျောင်းများကို ထပ်မံစစ်ဆေးရာတွင် ဇူလိုင်လ ၂၂ ရက်တွင် ၂၂၇ ကျောင်း၊ ဇူလိုင်လ ၂၃ ရက်တွင် ၁၁၄၀ ကျောင်း၊ ဇူလိုင်လ ၂၇ ရက်တွင် ၂၄၅ ကျောင်း၊ စုစုပေါင်း ၁၃၀ဝ ကျော်ရှိပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့ စိစစ်အကဲဖြတ်၍ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း အခြေခံပညာ ဦးစီးဌာနထံမှသိရသည်။

"အခုဟာက အထက်တန်းပဲ ကျောင်းပေါင်း ၇၀ဝ၀ ကျော်ဆိုတော့ လတ်တလောမှာ နိုင်နင်းသေးတယ်။ အလယ်တန်း၊ မူလတန်းတို့ ပေါင်းရင် နောက်ထပ် ၄သောင်းကျော် ရှိသေးတယ်။ ဒီနေ့ဆိုအေရတဲ့ ကျောင်းပေါင်း ၃၇၇၂ ကို ဖွင့်ထားတယ်။ အဲဒီကျောင်း တွေကလည်း အမြဲတမ်းနေ့စဉ်အေဖြစ်နေရမယ်" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

အေအဆင့်ရရှိထားသော ကျောင်းများအနေဖြင့် Mask တပ်ခြင်း၊ Face Shield တပ်ခြင်း၊ ၆ ပေကွာ၍ ကျောင်းထဲဝင်ခြင်း၊ ၆ ပေကွာ၍ ကျောင်းမှထွက်ခြင်း၊ ၆ ပေကွာ၍ စာသင်ခြင်း စသည်တို့ကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အခြေခံပညာ အထက်တန်းကျောင်းများတွင် နေ့စဉ်၊ အပတ်စဉ် ဆောင်ရွက်မည့်ကိစ္စများကို ကျောင်းတွင်းအဖွဲ့များ၊ မြို့နယ်အဖွဲ့များ၊ တိုင်းအဆင့်အဖွဲ့များကစစ်ဆေးသွားမည်ဖြစ်ပြီး အလားတူပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းများတွင် ဆောင်ရွက်ထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို Surpise Check အနေဖြင့် ဝင်ရောက် စစ်ဆေးသွားမည်ဖြစ်၍ အေအဆင့်ရရှိထားသော ကျောင်းများအနေဖြင့် အမြဲတမ်းအေအဆင့်ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘီအဆင့် ရောက်ရှိသွားပါက ကျောင်းပြန်ပိတ်ရမည် ဖြစ်သည်။

အခြေခံပညာအထက်တန်းဖြစ်သော Grade-10 နှင့် Grade-11 တို့ကို တစ်ပတ်ခြားဖွင့်လှစ်ထားပြီး နေ့စဉ်ကျောင်းတက်နေသော ကျောင်းသားဦးရေမှာ ၆ သိန်းခန့်ရှိကာ ယင်းအတန်းနှစ်ခုတွင် တက်ရောက်နေသော ကျောင်းသားစုစုပေါင်း ၁ သန်းကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-02