News

POST TYPE

NEWS

ပဲခူးမြို့ရှောင်လမ်း ဖောက်လုပ်စဉ်‌ သိမ်းဆည်းခံမြေယာများအတွက် နစ်နာကြေး ကျပ်သိန်း ၃၀ဝ၀ နီးပါးပေးပြီးဟုဆို
31-Jul-2020
တောင်ငူ၊ ဇူလိုင် ၃၀

ပဲခူးမြို့အရှေ့ဘက်တွင် ဆက်လက်ဖောက်လုပ်နေသည့် မြို့ရှောင်လမ်းသစ် စီမံကိန်းအတွက် မြေယာနစ်နာဆုံးရှုံးရသူများကို ကျပ်သိန်း ၃၀ဝ၀ နီးပါး ပေးအပ်ပြီးဖြစ်သည်ဟု ပဲခူးတိုင်းစက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပဲခူးတိုင်းလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမ)နေ့တွင် ပဲခူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ၏ မေးမြန်းမှုအပေါ်  ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ကလိလမ်းဆုံကနေ သနပ်ပင်လမ်းဆုံအထိ တိုင်းအစိုးရအဖွဲ့က မြေယာတစ်ဧကကို ကျပ် ၂၅ သိန်းနှုန်းနဲ့ သီးနှံတစ်ဧကကို ကျပ်ငါးသိန်းကျော် (၅၂၀,ဝ၀ဝ ကျပ်)နှုန်းနဲ့ တောင်သူ ၉၀ ဦးကို ပေးချေထားပြီးပါပြီ။ နစ်နာကြေးမယူသူ လေးဦးသာကျန်ပြီး ယူမယ်ဆို လုပ်ထုံးလုပ်နည်းနဲ့အညီ ပေးမယ်" ဟု ၎င်းက ပြောဆိုသည်။

အဆိုပါလမ်းဖောက်လုပ်စဉ် ပဲခူးမြို့ဒေသခံတောင်သူများ ပိုင်ဆိုင်လုပ်ကိုင်နေသည့် လယ်မြေ ၁၀၁ ဒသမ ၈၆ ဧက နစ်နာဆုံးရှုံးရသည့် တောင်သူ ၉၀ ဦးအနက် တောင်သူ ၈၆ ဦး၏ မြေဧရိယာ ၉၆ ဒသမ ၈၉ ဧကအတွက် မြေယာနှင့်သီးနှံလျော်ကြေး စုစုပေါင်း ၂၉၂၀ ဒသမ ၅၇၄ သိန်းပေးလျော်ပြီးဖြစ်ကာ ကျန်လေးဦးက လျော်ကြေးငွေပေးချေခြင်းကို လက်ခံခဲ့ခြင်းမရှိကြောင်း ပဲခူးတိုင်းလွှတ်တော်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက်  ပဲခူးမြို့အရှေ့မြို့ရှောင်လမ်းကိုတစ်ကြောင်း ထိုးလမ်းဖောက်လုပ်ခဲ့ရာတွင် မြေယာ လျော်ကြေးနှင့်သီးနှံလျော်ကြေးများ ပေးဆောင်ခဲ့ပြီးဖြစ်သော်လည်း ကျန်ရှိနေသော  တောင်သူများနှင့် ဆက်လက်ညှိနှိုင်းဆောင် ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိကို ပဲခူးတိုင်းလွှတ်တော်အစည်းအဝေးတွင် ပဲခူးမြို့နယ် တိုင်းဒေသကြီး အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စား လှယ် ဦးညွန့်ရွှေက မေးမြန်းခဲ့ခြင်းလည်းဖြစ်သည်။

ပဲခူးမြို့အထွက် ကလိလမ်းဆုံအနီးမှ ပဲခူး-သနပ်ပင်ကားလမ်းသို့ ဖောက်လုပ်မည့် ပဲခူးမြို့ရှောင်လမ်းသစ်တွင် မြေယာ ဆုံးရှုံးခဲ့သူများအတွက် မြို့ကွက်တစ်ခု ဖော်ထုတ်ပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားထားသည်။

အဆိုပါမြို့ရှောင်လမ်းသစ်ကို ယမန်နှစ် အောက်တိုဘာ ပထမပတ်ခန့်မှစတင်ကာ ကျပ် ၈ဘီလီယံခန့် အကုန်ကျခံ  ဖောက်လုပ်နေခြင်းဖြစ်ပြီး အရှည် ၅ မိုင်နှင့် ၆ ဖာလုံရှိကာ ၂၄ ပေအကျယ် ကတ္တရာခင်းပြီးပြီဟု ပဲခူးတိုင်းဆောက်လုပ်ရေး ဦးစီးဌာနလက်အောက်ရှိ လမ်းစီးဌာန (မြို့ပြ)ညွန်ကြားရေးမှူး ဦးတိုးတိုးက ပြောဆိုသည်။           

R-02