News

POST TYPE

NEWS

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇ သန်းကျော်ရှိ၊ အာရှနိုင်ငံကြီးအချို့တွင် ကူးစက်မှုနှုန်းပြန်လည်မြင့်တက်
31-Jul-2020


ဆစ်ဒနီ၊ ဇူလိုင် ၃၀

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူဦးရေမှာ ဇူလိုင်လ ၃၀ ရက်နေ့တွင်  ၁၇ သန်းအထိမြင့်တက်လာပြီး အာရှဒေသတွင်လည်း ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရမှု နေ့စဉ်နှင့်အမျှမြင့် တက်လျက်ရှိကြောင်း၊ အထူးသဖြင့် သြစတြေးလျ၊ အိန္ဒိယနှင့် ဟောင်ကောင်တွင် ကူးစက်မှုနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အာရှဒေသ နိုင်ငံအတော်များများက အစိုးရများသည် ကမ္ဘာ့ကပ်ရောဂါကြီးကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် မိမိကိုယ်မိမိဂုဏ်ယူဝံ့ကြွားခဲ့ကြသော်လည်း ယခုဇူလိုင်လနှောင်းပိုင်းအတွင်း ကူးစက်မှုနှုန်းပြန်လည်မြင့်တက်လာခြင်းက ထိုသို့ စိတ်ကျေနပ်နေရုံဖြင့်  အန္တရာယ်မကင်းနိုင်သေးသောအချက်ကို ဖော်ပြလိုက်ရာရောက်ကြောင်း သတင်းကဆိုသည်။ 

"သြစတြေးလျဟာ ဒီဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းရှိတယ်ဆိုတဲ့ အတွေးအခေါ်မျိုး ကျွန်တော်တို့ခေါင်းထဲမရောက်ဖို့အရေးကြီးတယ်" ဟု သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က သတင်းထောက်များကို ပြောကြားသည်။ 

ယမန်နေ့က သြစတြေးလျတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃  ဦး ထိရှိခဲ့ရာ တစ်ရက်တည်းအများဆုံး သေဆုံးမှုအဖြစ်စံချိန်တင်ခဲ့သည်။ ထို့ပြင်ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၇၀ဝ အထိ ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။ 

သြစတြေးလျအစိုးရက ပြည်သူများအနေနှင့် အပြင်ထွက်လျှင် Mask ကို မဖြစ်မနေတပ်ကြရန် ညွှန်ကြားချက်ထုတ်ပြန်သည်။ သြစတြေးလျနိုင်ငံတွင် ဗိုင်းရပ်စ်စတင်ကူးစက်ဖြစ်ပွားချိန်ကစ၍ ယနေ့အထိ ကူးစက်ခံရသူပေါင်း ၁၆,၂၉၈ ဦးရှိပြီး သေဆုံးသူ ၁၈၉ ဦးရှိသည်။ 

လအတန်ကြာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိခဲ့သော ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ခြောက်ရက်အတွင်း ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၄၂ ဦးထိ ရှိလာရာ ကွန်မြူနစ်အာဏာပိုင်များက ကန့်သတ်ထိန်းချုပ်မှုများ ပြန်လည်ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ဒါနန်းသို့သွား ရောက်လည်ပတ်ခဲ့သူမည်သူမဆို ရောဂါထိန်းချုပ်ရေးစင်တာသို့ သတင်းပေးပို့ ကြရန်လည်း အစိုးရက တိုက်တွန်းထားသည်။ 

ဟနွိုင်းမြို့တွင်လည်း အလားတူ ကူးစက်မှုအချို့ ပြန်လည်ဖြစ်ပေါ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ဗိုင်းရပ်စ်ပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများကို နောက်ကြောင်းရာဇဝင်လိုက်ကာ ဖော်ထုတ်ရာတွင် ထိထိရောက်ရောက်လုပ်နိုင်ခဲ့သည်။ စာရင်း ဇယားများအရ ကူးစက်ခံရသူ ၄၅၉ ဦး ရှိသော်လည်း သေဆုံးသူမရှိပေ။ 

လက်ရှိအနေအထားတွင် ဗီယက်နမ်အစိုးရက ပြည်သူထောင်ပေါင်းများစွာကို  ဗိုင်းရပ်စ်ပိုးစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ 

"ဒါနန်းက ပြန်လာတဲ့သူ နှစ်သောင်းကျော်ရှိတယ်၊ အားလုံးကို သုံးရက်အတွင်းစစ်မယ်" ဟု ကျန်းမာရေးဌာနမှ တာဝန်ရှိသူ ငုယင်ဒူချောင်က ပြောကြားသည်။ 

အိန္ဒိယနိုင်ငံတွင်မူ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၂,ဝ၀ဝ ကျော်ထိရှိခဲ့ပြီး တစ်ရက်တည်းတွင် လူအများဆုံးကူးစက်ခံရမှု အဖြစ်စံချိန်တင်ခဲ့သည်။ 

အိန္ဒိယတစ်ပြည်လုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းရှိသည်။ လတ်တလောတွင် အိန္ဒိယသည် ကမ္ဘာလုံးအတိုင်းအတာဖြင့်ဆိုပါက ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်း တတိယအမြင့်ဆုံးနိုင်ငံဖြစ်သည်။

F-01