News

POST TYPE

NEWS

ပင်းတယ ရွှေဥမင်ဂူ ဒုတိယအကြိမ် ပြန်ပိတ်
30-Jul-2020


ရန်ကုန်၊ ဇူလိုင် ၃၀

ရှမ်းပြည်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်ရှိ သမိုင်းဝင် ရွှေဥမင်ဂူမှာ သုံးရက်ကြာ ဖွင့်လှစ်ခဲ့ပြီးနောက် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ပြန်လည်ပိတ်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်မှုမရှိစေရန် ရွှေဥမင်ဂူအား ယာယီပိတ်ထားခဲ့သည်မှာ ငါးလခန့်ကြာပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ လမ်းညွှန်ချက်နှင့်အညီ ဇူလိုင်လ ၂၆ ရက်နေ့က ဂူကိုပြန်လည်ဖွင့်လှစ်ခဲ့သည်။

“ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်အရ ဘုရားဂူကို ဒီနေ့ ဒုတိယအကြိမ်မြောက် ပြန်ပိတ်ထားလိုက်ပြီ။ ဂူပြန်ဖွင့်မယ့်ရက် လတ်တလော မသိရသေးဘူး” ဟု ရွှေဥမင်ဘုရားမှ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ပထမအကြိမ် ရွှေဥမင်ဂူပြန်လည်ဖွင့်လှစ်ချိန်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုမရှိစေရန် ဘုရားဖူးများအတွက် လက်ဆေးကန်များ စီစဉ်ထားခြင်း၊ အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခိုင်းခြင်းနှင့် ဂူအတွင်းသို့ ဘုရားဖူးလာရောက်သူ ၃၀ ဦးစီထက် မပိုစေဘဲ အလှည့်ကျဝင်ရောက်ခွင့်ပြုခြင်းတို့ကို စီစဉ်ဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့ ရွှေဥမင်ဂူအပြင် ရှမ်းပြည်နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဇူလိုင်လ ၂၉ ရက် တွင် ပြန်လည်ပိတ်သိမ်းရန် ပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းများထံ ညွှန်ကြားထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် သြဂုတ် ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်ဆောင်ရွက်ထားကြောင်း ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ပင်းတယမြို့နယ်မှာ ကိုဗစ်နိုင်တင်း (COVID-19) ကပ်ဆိုးရောဂါကြောင့် နှစ်စဉ်ကျင်းပလျက်ရှိသော တပေါင်းပွဲတော်ကို ယခုနှစ်တွင် မကျင်းပခဲ့နိုင်သလို ရွှေဥမင်ဂူယာယီပိတ်လိုက်ခြင်းကြောင့် ဈေးသည်၊ ခရီးသွား လုပ်ငန်းနှင့် ဒေသထွက်ကုန်ပစ္စည်း ရောင်းချသူများမှာလည်း စီးပွားရေးအခက်အခဲများ ရင်ဆိုင်နေရသည်။

S-03

Photo - ဦးဦးဝင်း