News

POST TYPE

NEWS

အဆိုးရွားဆုံးရာသီ၌ပင် ဂိုး ၂၀ သွင်းသည့် ဟယ်ရီကိန်းကို မန်ယူခေါ်သင့်ဟု ပေါလ်မာဆန် အကြံပေး
30-Jul-2020


မန်ချက်စတာ၊ ဇူလိုင် ၂၉

ဟယ်ရီကိန်းကို ခေါ်ယူနိုင်ပါက မန်ယူအသင်းအနေနှင့် ပရီးမီးယားလိဂ်ဆုဖလား စိန်ခေါ်နိုင်သူစာရင်းတွင် ပါဝင်လာနိုင်သည်ဟု အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆန်က သုံးသပ်ခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

ဆိုးလ်ရှားသည် မန်ယူအသင်း ၃ ပွင့်ဆိုင်တိုက်စစ်တွင် ရက်ရှ်ဖို့ဒ်၊ မာရှယ်နှင့်ဂရင်းဝုဒ်တို့ကို အထိုင်ချနေသော်လည်း  ဟယ်ရီကိန်းကိုခေါ်ယူခြင်းက လီဗာပူးနှင့်မန်စီးတီးကို ရင်ဘောင်တန်းနိုင်မည့် အဓိကအချက်ဖြစ်လာနိုင်သည်ဟုအကြံ ပေးလိုက်သည်။ 



“မန်ယူအသင်းမှာ အထောင်တိုက်စစ်မှူးတစ်ယောက် လိုအပ်နေပါတယ်။ တကယ်လို့ဟယ်ရီကိန်းကိုသာခေါ်နိုင်မယ်ဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ အကြီးကျယ်ဆုံးဖြစ်လာပါလိမ့်မယ်။ လူတွေကတော့ အန်တိုနီမာရှယ်က လုပ်ပြပြီးပြီ။ သူလုပ်နိုင်လိမ့်မယ်။ ဂရင်းဝုဒ်က စူပါစတားဖြစ်လာလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ အထောင်တိုက်စစ်မှာ  ဟယ်ရီကိန်းကိုသာရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်၊  မာရှယ်နဲ့ဂရင်းဝုဒ်ကို အလှည့်ကျသုံးလို့ရပါပြီ။ ဟယ်ရီကိန်းဆိုတာက သူ့ရဲ့အဆိုး ရွားဆုံးရာသီမှာတောင် ဂိုး ၂၀ လောက်သွင်းနိုင်ပါတယ်”ဟု တိုက်တွန်းပြောဆိုခဲ့သည်။

ငြိမ်းပြည့်