News

POST TYPE

NEWS

ကိုလံဘီယာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း မြေယာအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ၆၄ ဦး အသတ်ခံရ
30-Jul-2020


ဘိုဂိုတာ၊ ဇူလိုင် ၂၉

၂၀၁၉ ခုနှစ်အတွင်း ကိုလံဘီယာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေယာအခွင့်အရေး လှုပ်ရှားသူ သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ခဲ့ကာ သဘာဝပတ်ဝန်းကျင် အရေးကာကွယ်လှုပ်ရှားသူများလည်း သေဆုံးမှုမြင့်တက်ခဲ့ကြောင်း Global Witness အဖွဲ့အစည်းက လေ့လာထုတ်ပြန်ထားသည်။

မြေယာအခွင့်အရေး လှုပ်ရှားသူ ၆၄ ဦးပြီးခဲ့သည့်နှစ်အတွင်းက အသတ်ခံရခဲ့ပြီး ၂၀၁၈ တွင် ၂၅ ဦး အသတ်ခံခဲ့ရသည်ထက် ခုန်တက်လာခဲ့ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ 

တစ်ကမ္ဘာလုံးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှင့် မြေယာအခွင့်အရေး ကာကွယ်သူ ၂၁၂ ဦး ပြီးခဲ့သည့်နှစ်အတွင်း အသတ်ခံခဲ့ရသည်။ 

အချို့သော ဖြစ်စဉ်များသည် မှတ်တမ်းတင်ထားခြင်းမရှိပါသောကြောင့် တကယ်တမ်းအသတ်ခံရသူဦးရေသည် ယခုပမာဏထက် မြင့်မားနိုင်ကြောင်း Global Witness က သတိပေးထားသည်။ 

၂၀၁၆ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ၌ လက်ဝဲသူပုန်များနှင့်အစိုးရတို့အကြား ငြိမ်းချမ်းရေးရရှိခဲ့ပြီးနောက် အကြမ်းဖက်မှုများ ကျဆင်းခဲ့သော်လည်း ခြိမ်းခြောက်၊ တိုက်ခိုက်၊ သတ်ဖြတ်မှုများ ဖြစ်နေဆဲ ဖြစ်သည်။ 

ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် ဆိုရှယ်ခေါင်းဆောင်များခေါ် ငြိမ်းချမ်းရေးရယူသည့်ဒေသမှ ခေါင်းဆောင်ရာပေါင်းများစွာ အသတ်ခံရပြီဖြစ်သည်။ ယခုလအစောပိုင်းက အဆိုပါသတ်ဖြတ်မှုများကို ရှုတ်ချကြောင်း အမေရိကန် လွှတ်တော်အမတ် ၉၄ ဦးက လက်မှတ်ရေးထိုးခဲ့သည်။ 

ကိုလံဘီယာရှိ သဘာဝ၀န်းကျင်ကို ကာကွယ်ထိန်းသိမ်းသူများ ခြိမ်းခြောက်တိုက်ခိုက်ခံနေရသည်ဟု လာဂွါဂျီရာ ပြည်နယ်တွင်နေထိုင်သည့် မျိုးနွယ်စု အဖွဲ့မှ အတွင်းရေးမှူး အိန်ဂျလီကာအော်တစ်ဇ်က ပြောကြားသည်။ 

၂၀၁၅ မှ ၂၀၁၉ အတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၏ ၄၄ ရာခိုင်နှုန်းသည် ကိုလံဘီယာရှိ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ကြောင်း BHRRC ခေါ် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ အရင်းအမြစ်စင်တာက ထုတ်ပြန်ထားသည်။ 

စီးပွားရေးကုမ္ပဏီများကမူ တက်ကြွလှုပ်ရှားသူများကို အကြမ်းဖက်ခြင်းမှာ ၎င်းတို့နှင့် မဆိုင်ပါကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။ 

ကိုလံဘီယာနိုင်ငံသည် မိုးသစ်တောများ ထူထပ်စွာတည်ရှိသော နိုင်ငံဖြစ်ကာတောနေပြည်သူများ၏ သစ်တောပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပဋိပက္ခများ ရှိလာသည်။

F-02