News

POST TYPE

NEWS

MLM စနစ် လုပ်ငန်းများကို ဥပဒေအရ အရေးယူမည်
09-Dec-2016
ရန်ကုန်၊ ဒီဇင်ဘာ ၈

နိုင်ငံ အများအပြားတွင် လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ထားသော Multi-level Marketing (MLM) ဆင့်ပွား စနစ်ဖြင့် ကုန်ပစ္စည်း ရောင်းချသော လုပ်ငန်းများကို ဥပဒေအရ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

အဆိုပါ လုပ်ငန်းများနှင့် ပတ်သက် ပြီး ဥပဒေ သီးသန့် ပြဋ္ဌာန်းချက် မရှိသော်လည်း စုံးစမ်း ဖော်ထုတ်ခြင်းများနှင့် တိုင်ကြားခြင်းများ ရှိလာပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ၊ ဝင်ငွေခွန် ဥပဒေနှင့် ကုန်သွယ်ခွန် ဥပဒေ အပါအဝင် တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Multi-level Marketing (MLM) လုပ်ငန်းများကို တားမြစ် ကန့်သတ် ပိတ်ပင် အရေးယူ ဆောင်ရွက်ရန် ရှိ မရှိ မေးခွန်းအပေါ်  ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အရင်ကလည်း အရေးပေါ် စီမံမှု ဥပဒေနဲ့ အရေးယူခဲ့တယ်။ အခုလည်း စုံစမ်း ဖော်ထုတ်နေပါတယ်”ဟု ၎င်းက ဆိုသည်။
MLM စနစ် လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ၂ဝဝ၉ ခုနှစ်က အရေးယူခဲ့ခြင်းများ ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၁  ခုနှစ်တို့တွင် ရေသန့်ဆေးနှင့် ဖြည့်စွက် အစားအစာများကို ယင်းစနစ်ဖြင့် လုပ်ကိုင်ခဲ့သော ပြည်တွင်းကုမ္ပဏီ နှစ်ခုနှင့်  ပြည်ပ ကုမ္ပဏီ တစ်ခုတို့ကို အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဇ) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများကို တရားစွဲဆိုကာ ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်း၍ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ဖူးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် MLM လုပ်ငန်းများသည် ၂ဝ၁ဝ ပြည့်နှစ်များတွင် မှေးမှိန် ပျောက်ကွယ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်ပိုင်းတွင် ယင်းလုပ်ငန်းများ ပြန်လည် ပေါ်ထွက်လာခဲ့ကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင် အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုထားပြီး မြန်မာနိုင်ငံတွင် ယင်းလုပ်ငန်းများအတွက် ဥပဒေ မရှိသေးသည့်အတွက် တရားမဝင် စည်းရုံးခြင်းများနှင့် အခြား လုပ်ငန်း အမည်ခံကာ လုပ်ငန်း လုပ်ကိုင်ခြင်းများလည်း ရှိသည်။

အဆိုပါ လုပ်ငန်းများကြောင့် ပြည်တွင်းတွင် အသိပညာ အားနည်းသော အောက်ခြေ လူတန်းစားများအပြင် လူလတ်တန်းစားများပါ ငွေကြေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းလုပ်ငန်းများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များ အပါအဝင် စီးပွားလုပ်ငန်းရှင်များက ပြောကြားသည်။

“ဒီ MLM စနစ်က ဘာကောင်းကျိုးမှ မရှိဘူး။ ဆိုးကျိုးတွေပဲ ရှိတယ်။ ဟိုး အောက်ဆုံး နောက်ဆုံးအဆင့်က လူတွေပဲ ခံနေရတာ”ဟု စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားထားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံတွင် ကုမ္ပဏီ မှတ်ပုံတင် ထားပြီး MLM လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီ ၄ဝ ခန့်ရှိပြီး လတ်တလော နာမည်ကြီးနေသော MLM လုပ်ငန်း အချို့မှာ Aim Star Network ကုမ္ပဏီ၊ Uncity, Q Net, Double Crane Myanmar (စုံတွဲကြိုးကြာ ကုမ္ပဏီ) နှင့် Successmore Myanmar တို့ဖြစ်သည်။

J-01


  • VIA