News

POST TYPE

NEWS

တက္ကသိုလ်ဝင်တန်းအောင်စာရင်း သြဂုတ်လ ၉ ရက်နေ့တွင် ကြေညာမည်
29-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂၉

ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများထုတ်ပြန်ကြေညာရာတွင် လူစုလူဝေးမဖြစ်စေရန် ပညာရေးဝန်ကြီး ဌာန၏ Website  မှ အရင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားသည်။

၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယခင်နှစ်များအတိုင်း အခြေခံပညာကျောင်းများတွင် ထုတ်ပြန်မည်မဟုတ်ပဲ သြဂုတ်လ ၉ ရက် နံနက် ၁၂ ခွဲအချိန်တွင် ပညာရေးဝန်ကြီးဌာန၏ Website  မှ အရင် ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပြီး အောင်စာရင်းများကိုလည်း သက်ဆိုင်ရာကျောင်းများသို့ အီးမေးလ်ဖြင့်ပေးပို့ သွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီမှ ထုတ်ပြန်ထားသည်။

“ နောက်နေ့ကျမှကျောင်းတွေမှာကပ်မယ်။ အဲ့တော့မှ လာကြည့်တဲ့လူတွေကို ၆ပေအကွာတို့ဘာတို့ပေါ့။ အသေးစိတ်ကိုတော့ စာစစ်ဦးစီးဌာနကစီစဉ်ပါလိမ့်မယ်။ သေချာပြီဆိုရင် သတင်းစာကနေ တစ်ပတ်အလိုမှာ ကြေငြာမှာပါ”ဟု ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောကြားသည်။

အခြေခံပညာကျောင်းများတွင် အောင်စာရင်းကပ်ချိန်တွင် လာကြည့်မည်လူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး ၆ ပေကွာခြင်း၊ Mask၊ Face Shield တို့ကိုစနစ်တကျလုံခြုံစွာတပ်ဆင်ခြင်း၊ ကျောင်းစည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးဖွဲ့၍ ကျောင်းဝင်းတံခါး၊ ဘေးတံခါးပေါက်များဖွင့်လှစ်၍ စနစ်တကျ ၆ပေခြား၍ ဝင်ရောက်ရန်စီစဉ် ဆောင်ရွက်ခြင်း၊ အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ COVID-19 ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့မှုရှိသူများ အောင်စာရင်းလာရောက်ကြည့်ရှုခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူ ၉သိန်းကျော်ဝင်ရောက်ဖြေဆို ထားပြီး ယခင်နှစ်တွင်မူ ၈သိန်းကျော်သာဝင်ရောက်ဖြေဆိုခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာ အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၄၄ရာခိုင်နှုန်းရှိ ကြောင်း ပညာရေးဝန်ကြီးဌာနထံမှသိရသည်။

J-02