News

POST TYPE

NEWS

ဖားဆောင်းတွင် သစ်များသယ်ဆောင်လာသည့် မော်တော်ယာဉ်များ အမည်မသိလက်နက်ကိုင်အဖွဲ့ မီးရှို့ဖျက်ဆီး
29-Jul-2020

ဓာတ်ပုံ - တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့

ရန်ကုန်၊ ဇူလိုင် ၂၉

ဘော်လခဲခရိုင် သစ်တောဦးစီးဌာနမှ သစ်များသယ်ဆောင်လာသော မော်တော်ယာဉ်လေးစီးကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဖားဆောင်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ သေနတ်ဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

မီးရှို့ဖျက်ဆီးခံရသည့် သစ်များမှာ ဘော်လခဲခရိုင် သစ်တောဦးစီးဌာနမှ ဇူလိုင်လ ၂၄ ရက်က မယ်စဲ့မြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင် သိမ်းဆည်းရမိခဲ့သည့် တရားမဝင်ကျွန်းနှင့် ပိတောက်သစ်မျိုးစုံ ဖြစ်ပြီး အဆိုပါသစ်များကို လွိုင်ကော်သို့ ယာဉ်လေးစီးဖြင့် ပို့ဆောင်စဉ် လမ်းခုလတ်တွင် တိုက်ခိုက် ခံရခြင်းဖြစ်သည်။

အလေးချိန် တန် ၅၀ ခန့်ရှိသော သစ်များကို သယ်ဆောင်လာသည့် မော်တော်ယာဉ်လေးစီးမှာ ဖားဆောင်းမြို့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ခေတ္တရပ်နားစဉ် အရပ်ဝတ် အင်္ကျီ၊ ပျောက်ကျားဘောင်းဘီများ ဝတ်ဆင်၍ မျက်နှာဖုံးများတပ်ဆင်ထားသော လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ထားသူ ၁၀ ဦးခန့်မှ ရောက်ရှိ လာပြီး သစ်တောဦးစီးမှူး၊ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဆဲဆိုကြိမ်းမောင်းခြိမ်းခြောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ယင်းနောက် ၎င်းတို့အဖွဲ့မှ သစ်များတင်ဆောင်ထားသည့် မော်တော်ယာဉ် လေးစီးကို သေနတ်များဖြင့်ပစ်ခတ်၍ အသင့်ယူဆောင်လာသည့် ဓာတ်ဆီများဖြင့် ယာဉ်များကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် ယင်းအဖွဲ့အား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

J-03