News

POST TYPE

NEWS

ဗဟိုဘဏ်က ခုနစ်လအတွင်း ကန်ဒေါ်လာ ၁၇၅ သန်းကျော်ဝယ်ယူ
29-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂၈

ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက် နေ့အထိ ဈေးပြိုင်လေလံစနစ်ဖြင့် ဒေါ်လာ ၁၇၅ ဒသမ ၁ သန်း ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ဗဟိုဘဏ်သည် ဇူလိုင်လ အတွင်း ဒေါ်လာ ၂၇ ဒသမ ၄ သန်းအထိ ဝယ်ယူထားပြီး ဇူလိုင်လတွင် ဒေါ်လာဈေး ကျဆင်းခဲ့သည့်အတွက် ဈေးကွက်အတွင်း တစ်ရက်လျှင် ဒေါ်လာ ၃ ဒသမ ၈ သန်း နေ့တိုင်းနီးပါး ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွင်း လအလိုက် ဒေါ်လာဝယ်ယူမှုမှာ ဇန်နဝါရီလတွင် ဒေါ်လာ ၃၉ သန်းကျော်၊ ဖေဖော်ဝါရီလ တွင် ဒေါ်လာ ၃၁ သန်းကျော်၊ မတ်လတွင် ဒေါ်လာ ၂၁ သန်း၊ မေလတွင် ဒေါ်လာ ၁၆ သန်းကျော်၊ ဇွန်လတွင် ၃၉ သန်းကျော်၊ ဇူလိုင်လတွင် ဇူလိုင်လ ၂၈ ရက်အထိ ဒေါ်လာ ၂၇ သန်းကျော် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်သည် မြန်မာနိုင်ငံတွင် ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းများ ငွေကြေးအတက်အကျမြင့်မားမှုကို လျှော့ချရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် နိုင်ငံခြားငွေ ဈေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း ဇူလိုင်လ ၂၄ ရက်က သတင်းထုတ်ပြန်ထားသည်။

ဗဟိုဘဏ်သည် ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ မြင့်မားခြင်းကို လျော့နည်းစေရန် နိုင်ငံတော်၏ နိုင်ငံခြားငွေလိုအပ်ချက်များကို အရန်ငွေဖြည့်တင်းနိုင်ရန်အတွက် စည်မျဉ်း အခြေခံအချက်များကိုလိုက်နာရန် ဈေးပြိုင်လေလံစနစ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။

J-03