News

POST TYPE

NEWS

မြန်မာ-အမေရိက စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
28-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂၈

ကိုဗစ်ကာလအလွန် မြန်မာ-အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံအကြား စီးပွားရေးအခွင့်အလမ်းများအတွက် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ကုန်သည်စက်မှုအသင်းချုပ်နှင့် အမေရိကန်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

အမေရိကအခြေစိုက် US-ASEAN Business Council မှ Senior Vice President & Regional Managing Director ဖြစ်သူ W. Michalak ဦးဆောင်သည့် စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံအခြေစိုက် အမေရိကန်ကုမ္ပဏီ ၁၀ ခုမှ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှု အခြေအနေများနှင့် မြန်မာ-အမေရိက နှစ်နိုင်ငံအကြား စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများ ဆွေးနွေးရန်အတွက် အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို Virtual Meeting ဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသည့် Bower Group Asia၊ Chevron၊ Chubb၊ Coca-Cola၊ ExxonMobil၊ Google၊ Jhpiego၊ Pernod Ricard၊ Scoular  နှင့် Visa တို့မှလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကိုဗစ်ကပ်ရောဂါကာလအလွန် စီးပွားရေးအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ နှစ်ဖက်လုပ်ငန်းရှင်များအကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင်သို့ ကူးပြောင်းဆောင်ရွက်နေမှု အခြေအနေများနှင့် အမေရိကန်လုပ်ငန်းရှင်များဘက်က ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှုများသည့် လုပ်ငန်းများနှင့် MSMEs လုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတို့ ဖွံဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးမည့်အစီအစဉ်များ ဆွေးနွးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

S-07