News

POST TYPE

NEWS

ကျိုက်ထီးရိုးတောင်ပေါ်မှ ကျောင်းသူ၊ကျောင်းသားများ ကားမရှိသဖြင့်အခက်ခဲကြုံ
28-Jul-2020

 ဓါတ်ပုံ-ရာမညတိုင်းမ်

တောင်ငူ ၊ဇူလိုင်၂၈

ယခုနှစ် ဇူလိုင်လ၂၃ ရက်နေ့ကစတင်ကာ အခြေခံပညာအထက်တန်းအဆင့်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ရာ ပြည်နယ်အစိုးရ အဖွဲ့က ကားစီစဉ်ပေးနိုင်ခြင်းမရှိသည့်အတွက် ကျောင်းသူ၊ကျောင်းသားများ အခက်ခဲနှင့် ရင်ဆိုင်နေရသည်ဟု ကျိုက်ထီးရိုးတောင်ပေါ်မှ ဒေသခံများက ပြောဆိုသည်။

“ကျောင်းကားစီစဉ်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို စာတင်ပြထားတယ်။ အခုထိအကြောင်းမပြန်သေးဘူး။ မိဘတွေလည်းစာတင်။ ကျွန်တော်တို့လည်းစာတင်မယ်ညှိထားတယ်”ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိမိသားစုများမှ အထက်တန်းနှင့်အလယ်တန်းကျောင်းသား၊ ကျောင်းသူများ ကင်မွန်းစခန်းတောင်ခြေရှိ အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားနိုင်ရန် တောင်တက်ကားအသင်းက နှစ်စဉ် ကျောင်းဖွင့်ရာသီရောက်တိုင်း ကျောင်းကား စီစဉ်ပေးနေကြဖြစ်သော်လည်း ယခုထက်တိုင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရသဖြင့် အခက်ကြုံနေရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

“အချို့ကတော့ ကျိုက်ထိုပြန်နေကြတယ်။ သီတင်းကျွတ်မှပြန်ဖွင့်မယ်ဆိုပေမယ့် အမြဲနေသူတွေကျအဆင်မပြေဘူး။ အခုဆို အချိန်ပေးပြီး ခြေလျင်သွားနေရတယ်”ဟု ကျိုက်ထီးရိုးတောင်ပေါ်ရှိ ထမင်းဆိုင်တစ်ဆိုင်မှ အလုပ်သမားတစ်ဦးက ပြောကြားသည်။

အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သည့်အတွက် ကျိုက်ထီးရိုးတောင်ပေါ်တွင်နေထိုင်သူ ကျောင်းသား၊ ကျောင်းသူ ၃၀ ခန့်သည် တောင်အောက်ရှိ ကင်မွန်းစခန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတက်ရန် အခက်ကြုံနေခြင်းဖြစ်သည်။

ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့သည် မတ်လ ၂၁ ရက်နေ့မှစတင်ကာ ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို ဆိုင်းငံ့ထားကာ တောင်တက်ခွင့်ပိတ်ခဲ့ပြီး အဆိုပါလ၂၇ ရက်နေ့ကစ၍ ရေ၊ မီးပါ ဖြတ်တောက်ခဲ့ပြီး တောင်တက်ကားလိုင်းများကိုပါ ပိတ်ထားခဲ့သည်။

“ကားလမ်းကလျှောက်မယ်ဆို နှစ်နာရီကြာတယ်။ ခြေလျှင်လမ်းက မိုးရာသီဆိုတော့ပိုဆိုးတယ်။ ကလေးတွေ ဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ တွေးကြည့်ရင်သိပါတယ်”ဟု ကျိုက်ထီးရိုးတောင်ပေါ်တွင်နေထိုင်သူ ဦးကျော်မင်းဦးက ပြောကြားသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် တစ်နှစ်ပတ်လုံးနေထိုင်သည့် အိမ်ထောင်စုပေါင်း ၅၅၂ စုရှိပြီး လူဦးရေ ၂၄၉၀ ကျော်အနက် ကျောင်းနေအရွယ် ကလေးငယ် ၅၀၀ ခန့်ရှိနေသည့်အပြင် တောင်ပေါ်တွင် အထက်တန်းအဆင့်ကျောင်းမရှိ၍ ကျောင်းကားကို အဆောတလျင် စီစဉ်ပေးစေလိုသည်ဟု ဒေသခံများက ပြောဆိုလျက်ရှိသည်။ 

R-02