News

POST TYPE

NEWS

တပ်မတော်အထိုင်စခန်းများ ထွက်ခွာပေးရန် KNU တပ်မဟာ ၅ နယ်မြေတွင် ဆန္ဒထုတ်ဖော်
28-Jul-2020


ဘားအံ၊ ဇူလိုင် ၂၈ 

KNU တပ်မဟာ ၅ နယ်မြေဖြစ်သော ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းတစ်လျှောက်ရှိ ကျေးရွာ ၃၀ ခန့်မှ ဒေသခံလူအင်အား သုံးထောင်ကျော်က နယ်မြေအတွင်းရှိ တပ်မတော်တပ်စခန်းများထွက်ခွာပေးရန် ဇူလိုင်လ ၂၈ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယခုဆန္ဒထုတ်ဖော်မှုသည် ဖာပွန်ခရိုင်အတွင်း မြန်မာစစ်တပ်အပေါ်ဒေသခံရွာသားများက ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများက အရပ်သားများအား တပ်မတော်ဘက်မှပစ်ခတ်မှုများအပေါ်ရှုံ့ချကြောင်းလည်း ပြောဆိုခဲ့ကြသည်။ 

"အပစ်အခတ်ရပ်စဲထားတော့ တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် သဘောတူညီချက်တွေရှိတယ်။ ဒါတွေကို နှစ်ဘက်စလုံးက လိုက်နာစေချင်တယ်၊ဒါမှပြည်ထောင်စုဆိုတာကိုသွားလို့ရမယ်။ အရပ်သားတွေအပေါ် အနိုင်ကျင်တာမျိုး၊ပစ်ခတ်တာမျိုးမဖြစ်စေချင်ဘူး"ဟု ဆန္ဒဖော်ထုတ်သူတစ်ဦးဖြစ်သည့် နော်မူဖော ကပြောကြားသည်။

ယခုနှစ်ကုန်ပိုင်းမှစတင်ကာ ယခုအချိန်ထိ မြန်မာ့တပ်မတော်ဘက်မှ အရပ်သားများအပေါ်ပစ်ခတ်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုသည်။ 

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကလည်း ဖာပွန်ခရိုင်ဝင်းမောင်ဒေသကိုအခြေပြု၍ ကျေးရွာလေးရွာမှ ဒေသခံများကလည်း ဒေသခံအမျိုးသမီးတစ်ဦးကို တပ်မတော်သားနှစ်ဦးက သေနတ်ဖြင့်ပြစ်သတ်ခဲ့သည်ဟုဆိုကာ ဆန္ဒထုတ်ဖော်မှုတစ်ခုပြုလုပ်ခဲ့ပြီး ယခု ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

စောကျော်ဌေး