News

POST TYPE

NEWS

ဖမ်းဆီးထားသည့် AA လက်နက်ကိုင်အဖွဲ့၏ အမာခံ ၃ ဦးကို ဥပဒေနှင့်အညီဆောင်ရွက်နေဟု တပ်မတော်ထုတ်ပြန်
28-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ အမာခံ ၃ ဦးကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်၊ ရေနံတွန်ကျေးရွာတွင် AA လက်နက်ကိုင်အဖွဲ့ အမာခံတစ်ဦးဖြစ်သည့် ညီညီထွန်းကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ အမာခံ ညီညီထွန်းကို စစ်ဆေးမေးမြန်းချက်များအရ ဇူလိုင်လ ၂၂ ရက်က တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနှင့် ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ရေနံတွန်ကျေးရွာသို့ စိစစ်ရှာဖွေမှုများ ထပ်မံပြုလုပ်ခဲ့ရာ AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်ပြီး နယ်မြေအတွင်း လိုက်လံစည်းရုံးဟောပြောနေသူ ဒေါ်ခင်မျိုးဆွေ (ဘ) ဦးသိန်းအောင်ချေကို ၎င်းနေအိမ်မှ ပျောက်ကျားဝတ်စုံ (လက်မောင်းတံဆိပ်မပါ) တစ်စုံ၊ ရဲယူနီဖောင်းဝတ်စုံ (အဆင့်တံဆိပ်နှင့် လက်မောင်းတံဆိပ်ပါ) နှစ်စုံနှင့် ဖမ်းဆီးရမိခဲ့သည်။

အလားတူ AA လက်နက်ကိုင်အဖွဲ့အတွက် နယ်မြေအတွင်း ရိက္ခာနှင့် ဆက်ကြေးငွေများ ကောက်ခံထောက်ပံ့ပေးနေသူများဖြစ်သည့် ဒေါ်လှသန်းခင် (ဘ) ဦးစံဝေထွန်းနှင့် ဒေါ်ပြားမ (ဘ) ဦးမောင်ဆိုးခိုင် တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ကဆိုသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိထားသူများကို သက်ဆိုင်ရာသို့ ပို့ဆောင်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

S-04