News

POST TYPE

NEWS

အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁,၃၀၀,ဝ၀၀ ဝန်းကျင်သို့ရောက်ရှိ
28-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂၈

ကမ္ဘာ့ရွှေဈေးမြင့်တက်လာသည့်အတွက် ဇူလိုင်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းရွှေဈေးအရ ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁,၃၀၀,ဝ၀၀ ဝန်းကျင်သို့ရောက်ရှိလာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၂၉၅,ဝ၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းရွှေဈေးအရ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၂၉၆,၅၀၀ ပေါက်ဈေးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၃၀၀,ဝ၀၀ ဝန်းကျင်အထိ ပေါက်ဈေးဖြစ်ပေါ်နေခြင်းဖြစ်သည်။

“၁,၃၀၀,ဝ၀၀ ရောက်ခါတော့နီးနေပြီ။ တစ်သောင်းပတ်ချာလည်လောက်တော့ လိုသေးတယ်။ ကမ္ဘာ့ရွှေဈေးတက်လို့ လိုက်တက်တာ။ ပြည်တွင်းဒေါ်လာငွေလဲနှုန်းကတော့ ကျတယ်။ ပြည်တွင်းဒေါ်လာလဲနှုန်းက ဟိုရက်က ၁,၄၀၀ လောက်အထိတက်တုန်းက ၁,၃၀၀,ဝ၀၀ ကျော်လိုက်သေးတယ်။ အခုတော့ ဒေါ်လာလဲနှုန်းကျသွားတော့ ၁,၃၀၀,ဝ၀၀ အောက် ပြန်ရောက်သွားတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ရွှေဈေးနှုန်းပြန်လည်မြင့်တက်လာသည့်အတွက် ရွှေထည်များ ပြန်လည်ရောင်းချကြသောကြောင့် ရောင်းလိုအားများသော်လည်း ဝယ်လိုအားကျဆင်းသွားကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၃၀၀,ဝ၀၀ ရောက်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

S-07