News

POST TYPE

NEWS

ကုန်ထုတ်လုပ်ငန်းများ Covid-19 Fund ထံမှ ချေးငွေစလျှောက်ထားနိုင်
28-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂၈

စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ဆုံးဖြတ်ချက်အရ ကုန်ထုတ်လုပ်ငန်းများအနေနှင့် Covid-19 Fund မှ ချေးငွေစတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာအကူအညီ ဆက်လက်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်က Covid-19 Fund သို့ ကျပ် ၁၀၀ ဘီလီယံ ထပ်မံဖြည့်တင်းပေးခြင်းဖြစ်ပြီး ယင်းဖြည့်တင်းငွေကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်သည်။

အဆိုပါချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေကို စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများထံသို့ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ပြီး လျှောက်လွှာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းရုံးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး။ပြည်နယ်ရုံးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး။ ပြည်နယ်ရုံးများတွင် ရယူနိုင်ပြီး လျှောက်လွှာများပြန်လည်တင်ပြရာတွင် ကုန်သည်စက်မှု အသင်းချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းရုံးများတွင် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားတင်ပြရမည်ဖြစ်သည်။

အွန်လိုင်းမှလျှောက်ထားလိုသူများအနေနှင့် https://umfccicovid19loan.mitcloud.com သို့ဝင်ရောက်လျှောက်ထားနိုင်ပြီး ချေးငွေများပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ချေးငွေရယူထားသည့် လုပ်ငန်းများအနေနှင့် ချေးငွေပေးဆပ်မှု ပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည်ဖြစ်ကြောင်း စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

S-07