News

POST TYPE

NEWS

ရန်ကုန်မှ အခြားဒေသများသို့ အဝေးပြေးယာဉ်စီးနင်းမှု ပြန်လည်မြင့်တက်
28-Jul-2020
ရန်ကုန်၊ ဇူလိုင်  ၂၇

ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းနှင့် ပြည်နယ်အသီးသီးသို့ အဝေးပြေးယာဉ်လိုင်းများဖြင့် ခရီးသွားလာမှုများ ပြန်လည်မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းမှ အခြားတိုင်းနှင့် ပြည်နယ်များသို့ အဝေးပြေးယာဉ်လိုင်း ၂၃၈ လိုင်းမှ ယာဉ်စီးရေ ၈၄၅ စီးဖြင့် ပြေးဆွဲပေးလျက်ရှိနေသည်။

ရန်ကုန်တိုင်းရှိ အဝေးပြေးယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ရခဲ့သည့် မေလတွင် အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးဝင်းနှင့် ဒလမှ တိုင်းနှင့်ပြည်နယ် အသီးသီးသို့ ပြေးဆွဲမှု၌ တစ်နေ့လျှင် ခရီးသည်ယာဉ်လိုင်း ၅၁ လိုင်းမှ ယာဉ်စီးရေ ၁၂၁ စီးဖြင့် ခရီးသည် ၁၂၀ဝ ကျော်ကို ပို့ဆောင်နိုင်ခဲ့ပြီး ဇွန်လတွင် တစ်နေ့လျှင် ခရီးသည်ယာဉ်လိုင်း ၂၀၇ လိုင်းမှ ယာဉ်စီးရေ ၇၀၅ စီးဖြင့်ပြေးဆွဲပေးခဲ့ပြီး ခရီးသည် ၇၄၇၂ ဦး သယ်ယူပို့ဆောင်နိုင်ခဲ့ကြောင်း YRTA ထံမှ သိရသည်။

ယင်းမှတစ်ဆင့် တဖြည်းဖြည်းပြေးဆွဲမူ မြင့်တက်လာကာ ဇူလိုင်လတတိယအပတ်တွင် ယာဉ်လိုင်း ၂၃၈ လိုင်းမှ ယာဉ်စီးရေ ၈၄၅ စီးဖြင့် သယ်ယူပို့ဆောင်နိုင်ခဲ့ပြီး ခရီးသည် ၉၆၆၃ ဦးထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။

"ခရီးသည်နဲ့ပြေးဆွဲမှုကတော့ တဖြည်းဖြည်းပြန်လည်အားကောင်း တိုးတက်လာတယ်။ သူများတိုင်းနဲ့ ပြည်နယ်မှာယာဉ်စီးခ နှစ်ဆကောက်လို့ ညွှန်ကြားပေမယ့် ရန်ကုန်တိုင်းမှာ ခရီးသည်အပေါ်မှာ သက်ရောက်မှာစိုးလို့ ယာဉ်စီးခတွေတိုးကောက်ဖို့ မညွန်ကြား ခဲ့ပါဘူး" ဟု YRTA မှ တွဲဖက်အတွင်းရေးမှူး ဖြစ်သူဦးလှအောင်က ပြောကြားသည်။

လက်ရှိတွင် COVID-19 ကြောင့် ခရီးသွားပြည်သူများ ရောဂါကူးစက်မူနည်းပါးရန် ထိုင်ခုံ ၂ ခုံလျှင် ခရီးသည်တစ်ဦးသာ တင်ဆောင်သည့်စနစ်ဖြင့် ပြေးဆွဲနေကြောင်းသိရသည်။

ထို့ပြင် အဝေးပြေးယာဉ်လိုင်းများ မှာ ရန်ကုန်တိုင်းမှ အခြားတိုင်းနှင့် ပြည်နယ် ၁၄ ခုရှိ မြို့ပေါင်း ၁၀၂ မြို့ ကျော် သို့ ပြန်လည်ပြေးဆွဲသွားလာနေပြီဖြစ် ကြောင်း သိရသည်။             

S-05