News

POST TYPE

NEWS

မန္တလေးမြို့ခံ ဖူဆယ်ကလပ် M2K အသင်းနှင့် M21 Sport Brand တို့ စပွန်ဆာ စာချုပ်ချုပ်ဆို
28-Jul-2020


မန္တလေး၊ ဇူလိုင် ၂၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့် ဖူဆယ်လိဂ်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ်ဝင်ပြိုင်မည့် မန္တလေးမြို့ခံဖူဆယ်ကလပ် M2K အသင်းနှင့် M21 Sport Brand တို့၏ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲကို မန္တလေးမြို့ ၂၆ လမ်းနှင့် လမ်း ၆၀ ထောင့်ရှိ M2K Health & Fitness Center တွင် ဇူလိုင်လ ၂၇ ရက် နေ့လယ်ပိုင်းက လက်မှတ်ရေးထိုးခဲ့သည်။

AFC Futsal ပြိုင်ပွဲအထိ ဝင်ရောက်ခွင့်ရရှိရန် ရည်မှန်းထားကြောင်း M2K အသင်းပိုင်ရှင် ဦးအောင်ဇော်မင်းခန့်က ပြောကြားသည်။ 

"ရန်ကုန်ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားပြီး နိုင်ငံတကာအဆင့်အထိ တက်လှမ်းမှာပါ"ဟု ၎င်းက ပြောဆိုသည်။

M2K ဖူဆယ်အသင်းသည် WARRIX ဖလားပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအထိ တက်ရောက်ခဲ့သောကြောင့် မြန်မာနေရှင်နယ် ဖူဆယ်လိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

"ကလပ်အသင်းတွေအတွက် အခုလိုထောက်ပံ့မှုတွေရှိနေအတွက် အထောက်အကူဖြစ်စေတယ်"ဟု မန္တလေးတိုင်း သဲသောင်ပြင်နှင့်ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က သုံးသပ်ပြောဆိုသည်။ 

M2K အသင်း၏ ပြိုင်ပွဲဝင် ဝတ်စုံများ၊ ဂျာစီများကို ပြိုင်ပွဲ၏ ပွဲစဉ်တစ်လျှောက်လုံး ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း M21 Sport Brand ပိုင်ရှင် ဦးမင်းဇင်ဦးက ပြောကြားသည်။

"အသင်းရဲ့ လုပ်ဆောင်ချက်နဲ့ရည်မှန်းချက်ကို သဘောကျလို့ပါ။ မန္တလေးမြို့ခံ Brand တစ်ခုနဲ့ မြို့ခံအသင်း တစ်သင်းလက်တွဲခဲ့တာပါ"ဟု ၎င်းကပြောဆိုသည်။

M2K ဖူဆယ်အသင်းသည် ဖူဆယ်လိဂ်ပြိုင်ပွဲသို့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးမြို့ခံ ဖူဆယ်အသင်းတစ်သင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ လက်ရွေးစင်ကစားသမားများ၊ တိုင်းနှင့်ပြည်နယ် လက်ရွေးစင်ကစားသမားများဖြင့် ဖွဲ့စည်းထားသည်။

M21 Sport Brand သည် မန္တလေးမြို့ခံမြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းနှစ်သင်းဖြစ်သည့် ရတနာပုံအသင်းနှင့် ISPEအသင်းတို့ကိုလည်း အားကစားဝတ်စုံ ထောက်ပံ့ပေးထားသည်။ 

ဘုန်းမြတ်