News

POST TYPE

NEWS

ဆိပ်ဖြူစည်ပင် ယခုဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၂၅၀ဝ ကျော်သုံးစွဲ
28-Jul-2020
ဓာတ်ပုံ-စည်ပင်

ချောက်၊ ဇူလိုင် ၂၇

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေနှင့် ယခု၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်မှ ကျပ် ၂၅၃၆ သိန်းကျော်သုံးစွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၆ ခု ဆောင်ရွက်ခဲ့ရာ ဇူလိုင်လတွင် လုပ်ငန်းအားလုံး ရာခိုင်နှုန်းပြည့်ပြီးစီးသည်ဟု  ယင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစည်သူက ပြောဆိုသည်။

"|အခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်း ၂၆ ခုစလုံး ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးပါပြီ။ သွားလာရေးလွယ်ကူစေဖို့ ကတ္တရာလမ်းတွေကို ကွန်ကရစ်ခင်းပြီး လမ်းချဲ့တာတွေလုပ်တယ်" ဟု ၎င်းကရှင်းပြသည်။

ဆိပ်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနှင့် ကျပ်သိန်းတစ်ရာအောက်လုပ်ငန်းခြောက်ခု၊ ကျပ်သိန်းတစ်ရာ အထက် ပစ္စည်းနှင့်လုပ်ငန်းတင်ဒါစနစ်ဖြင့် လုပ်ငန်း ၁၁ ခု၊ တင်ဒါပိုလျှံငွေဖြင့်  လုပ်ငန်း ၉ ခု စုစုပေါင်းလုပ်ငန်း ၂၆ ခု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးအတွက် မြို့ပေါ်လမ်းရှစ်လမ်းကို ပေလေးထောင်ခန့် ကွန်ကရစ်လမ်းခင်းခဲ့ပြီး ယခင်အသုံးပြုနေသော ကတ္တရာလမ်းလေးလမ်း တည်တံ့ခိုင်မြဲရေးအတွက် သုံးပေမှငါးပေ ထိလမ်းချဲ့ခြင်း၊ ထို့အပြင် မြို့ဝင်ပန်းခြံသာယာလှပရေးလုပ်ငန်း၊ ပတ္တမြားဈေးတွင် ရေတွင်းတူးခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ခြောက်ခန်းတွဲဈေးအိမ်သာဆောက်လုပ်ခြင်းစသည့် အခြားလုပ်ငန်း  ၈ မျိုး တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဆိပ်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှတ်တမ်းအရ သိရသည်။

ယင်းအပြင် မြို့အနောက်ပိုင်း ရပ်ကွက်ရှိ ကျောက်ရိုးစီ သစ်သားတံတားမှာ ကျောက်ရိုးပြိုကျပျက်စီးနေသဖြင့် ယခုနှစ်တွင် ကျပ် ၆၅ သိန်းသုံးစွဲကာ အကျယ် ၁၄ ပေ၊ အရှည် ၂၀ ပေနှင့် အမြင့် ၇ ပေ ရှိ သံကူကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ခဲ့ပြီး ရပ်ကွက် အတွင်း ဖြတ်သန်းစီးစင်နေသော ကျားကိုက်ချောင်းကို အကျယ် ၉ ပေ၊ အမြင့် ၅  ပေ၊ အရှည် ၂၃၉ ပေရှိသောကျောက်ရိုးစီ ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်ခဲ့သည်ဟု ယင်းမြို့စည်ပင် သာယာရေးအဖွဲ့စာရင်းများအရလည်း သိရသည်။

R-11