News

POST TYPE

NEWS

ဗီယက်နမ်ငါးရှဉ့် တရုတ်ဘက်သို့ဝင်နေသဖြင့် ပြည်တွင်း၌ ငါးရှဉ့်ဈေးကျ
28-Jul-2020


တောင်ငူ၊ ဇူလိုင်၂၇

ဗီယက်နမ်ဘက်မှတင်သွင်းသည့် ငါးရှဉ့်များ တရုတ်နိုင်ငံသို့ပြန်လည်ဝင် ရောက်နေသည့်အတွက် ပြည်တွင်းငါးရှဉ့် ဈေးကွက်၌ အရောင်းအဝယ် အေးနေပြီး ငါးရှဉ့်တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ခန့်သာ ဈေးရှိတော့သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ပြည်တွင်းမှာ အခုလို မိုးရာသီ ကာလဆိုရင် ကုန်အဝင်များတယ်။ ကုန်အဝင်များလို့ ဈေးကျသလို ဗီယက်နမ် ဘက်က ငါးရှဉ့်ကို တရုတ်က အဆွဲများနေ တာကြောင့်လည်း ဈေးပိုကျလာတယ်”ဟု ထိပ်တန်းငါးရှဉ့် ပွဲရုံပိုင်ရှင် ဒေါ်ဝင်းကြည် က ပြောကြားသည်။

ပြည်တွင်းငါးရှဉ့်ဈေးကွက်၌ နွေ ရာသီကာလတွင်သာ ဈေးကောင်းရလေ့ ရှိပြီး ကိုဗစ်ကာလမတိုင်မီ မတ်လခန့်က ငါးရှဉ့်တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ ကျော် ဖြင့် ဈေးကောင်းရခဲ့ကြောင်း၊ မတ်လမှ မေလခန့်အထိ တရုတ်ပြည်သို့ ငါးရှဉ့် တင်ပို့ခွင့်မရခဲ့သည့်အတွက် နစ်နာခဲ့သည် ဟု ပြည်တွင်းကုန်သည်များက ပြောဆိုသည်။

“ဈေးကောင်းရတဲ့အချိန် ပို့လို့ မရဘူး။ အခုကျ ကုန်ကလည်း နေ့စဉ် ဒိုင်တစ်ခုကို ပိဿာချိန်တစ်ရာကနေ နှစ်ရာအထိဝင်တယ်။ ကနေ့(ဇူလိုင်၂၇) ပေါက်ဈေးက ၆၀၀၀ ကျော်ရုံပဲရှိတယ်”ဟု ငါးရှဉ့်ကုန်သည်တစ်ဦးက ပြောဆိုသည်။

မိုးရာသီကာလ ချောင်း၊ မြောင်း၊ အင်း၊ အိုင်များမှထွက်ရှိသည့်ငါးရှဉ့်ကို တရုတ်နိုင်ငံက အဓိကဝယ်ယူပြီး ပြည်တွင်း မွေးမြူရေးငါးရှဉ့်ကို မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိကြောင်း၊ မွေးမြူရေးငါးရှဉ့်မှာ လုံးပတ်သေးသည်ဟု ဒေသတွင်းငါးရှဉ့်ကုန်သည်များ အဆိုအရ သိရသည်။

အုတ်တွင်း၊ ရေတာရှည်နှင့် တောင်ငူ မြို့နယ်တို့တွင် ငါးရှဉ့်ဒိုင် ၂၀ နီးပါးရှိပြီး တရုတ်အဝယ်ရှိ၊ မရှိပေါ် မူတည်ကာ ဈေးအတက်အကျရှိနေကြောင်း၊ ပြည်တွင်း စားသောက်ဆိုင်လုပ်ငန်းများသည် ဈေး ကွက်သို့ဝင်ရောက်လာသည့် ကုန်စည် ပိဿာချိန်၏ ၁၀ ပုံ တစ်ပုံပင်မရှိကြောင်း ငါးရှဉ့်အဝယ်ဒိုင်များထံမှ သိရသည်။

ဒေသတွင်းထွက်ရှိသည့် ငါးရှဉ့်ကို ဒေသခံကုန်သည်များက မူဆယ်မြို့မှ တစ်ဆင့် တရုတ်ပြည်မကြီးသို့ ခရီးသည် တင်ယာဉ်များ၊ ၁၀ ဘီး၊ ၁၂ ဘီး ကားများဖြင့် တစ်နှစ်ပတ်လုံးတင်ပို့နေရာ ယခုရက်ပိုင်းတစ်ရက်လျှင် ကုန်ပိဿာချိန် ၅၀၀ နီးပါးတင်ပို့နေရသည်ဟု ဒေသတွင်း ငါးရှဉ့်ပွဲရုံလုပ်ငန်းရှင်များအဆိုအရ သိရ သည်။ 

R-02