News

POST TYPE

NEWS

ကိုဗစ်ကူးစက်မှုမြင့်နေသော အမေရိကန်တက္ကဆက်ပြည်နယ်ကို ဟာရီကိန်းဟန်နာ ဝင်ရောက်တိုက်ခိုက်
28-Jul-2020

အော်စတင်၊ ဇူလိုင် ၂၇

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေသည့် ပြည်နယ်တစ်ခုဖြစ်သော တက္ကဆက်ပြည်နယ် ကမ်းရိုးတန်းသို့ ဟာရီကိန်းဟန်နာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လေထန်ခြင်း၊ ရေကြီးခြင်းကြောင့် လှေများပျက်စီးခြင်း၊ လမ်းများ ရေနစ်ခြင်း၊ မီးပြတ်ခြင်းများ ဖြစ်နေလျက်ရှိသည်။ 

ဟာရီကိန်းဟန်နာသည် အမေရိကန်မက္ကဆီကို နယ်စပ်တစ်လျှောက် တစ်နာရီလျှင် ၈၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

မုန်တိုင်းကြောင့် မိုးရေချိန် ၁၂ လက်မအထိ မြင့်တက်သွားခဲ့ပြီး တက္ကဆက်တောင်ပိုင်းနှင့် မက္ကဆီကို အရှေ့မြောက်ပိုင်းတို့ကို ထိခိုက်သွားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကြောင့် ကျန်းမာရေးစနစ်ထိခိုက်မှုများ ဖြစ်နေသည့် အမေရိကန်မက္ကဆီကို နယ်စပ်မှလူနာအချို့ကို လေကြောင်းမှကယ်ထုတ်ကာ မြို့ကြီးများသို့ ပို့ဆောင်ကုသပေးနေသည်။ 

ယခုအချိန်အထိတော့ နယ်စပ်ဒေသ နှစ်ဖက်လုံးတွင် သေဆုံးမှုတစ်စုံတစ်ရာ မရှိသေးပေ။ ဆေးရုံထဲသို့ ရေများဝင်လာပြီး ရေလျှံရေကြီးနေကြောင်း တက္ကဆက်ရှိ ဟီဒယ်ဂိုခရိုင်မှ ကျန်းမာရေး အာဏာပိုင် ဒေါက်တာအီဗန်မီလန်ဒက်ဇ် ကပြောကြားသည်။ 

တက္ကဆက်ဒေသအချို့တွင် လမ်းပိုင်းများ သွားလာ၍မရခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းတို့ဖြစ်ခဲ့ရာ ဆေးရုံသို့ မလာနိုင်သဖြင့် လူနာကိုကြည့်ခွင့်မရဘဲ ဖုန်းမှတစ်ဆင့်သာလေ့လာကာ အသက်ရှူအကူစက်ပေါ် တင်မတင် ဆုံးဖြတ်ခဲ့ရသည်။ 

ရောဂါကြောင့်အပြင် ရာသီဥတုအခြေအနေကြောင့်ပါ လူအများက စိတ်ဓာတ်ကျ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ဟု ဒေါက်တာအီဗန်ကဆိုသည်။ 

ယာယီအမိုးအကာများ ဖန်တီးပေးထားသော်လည်း လူမှုဘဝခပ်ခွာခွာနေရန်လည်းရှိသဖြင့် နေရာပေးနိုင်မှု နည်းပါးလာကြောင်း တက္ကဆက်ကမ်းရိုးတန်းဒေသ ကြက်ခြေနီအဖွဲ့၏အမှုဆောင်အရာရှိ ဟင်နရီဗန်ဒီပွတ်တီက ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ  လေးသန်းသုံးသိန်းကျော်ရှိသွားခဲ့ပြီ ဖြစ်ကာ၊ တက္ကဆက်တစ်ပြည်နယ်ထဲတွင် သုံးသိန်းကိုးသောင်းကျော်ရှိခဲ့သည်။ 

ယခုအခါ ဒေါက်ဂလပ်စ် အမည်ရ ဟာရီကိန်းမုန်တိုင်း တစ်စင်းကလည်း  ပစိဖိတ်သမုဒ္ဒရာထဲတွင် အမေရိကန်ဟာဝိုင်ယီကျွန်းသို့ ဦးတည်လာနေသည်။ 

F-02