News

POST TYPE

NEWS

ရာသီကုန်တွင် ချဲလ်ဆီးမှ ပတ်ဒရိုထွက်ခွာတော့မည်ဟု လမ်းပတ် အတည်ပြု
28-Jul-2020


လန်ဒန်၊ ဇူလိုင် ၂၇

ချဲလ်ဆီးတောင်ပံကစားသမား ပတ်ဒရိုသည် အက်ဖ်အေဖလားဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ်ပွဲစဉ် ပြီးဆုံးပါကအသင်း မှထွက်ခွာတော့မည်ဟု နည်းပြလမ်းပတ်က အတည်ပြုခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

အသက် ၃၂ နှစ်အရွယ် ပတ်ဒရို အနေနှင့် ချဲလ်ဆီးကစားသမားဘ၀နောက် ဆုံးပွဲစဉ်များအဖြစ် အာဆင်နယ်၊ ဘိုင်ယန် မြူးနစ်တို့နှင့်ပွဲစဉ်နှစ်ပွဲပြီးပါက ရိုးမား အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေဟုသတင်း ထွက်လျက်ရှိသည်။ 

ပတ်ဒရိုနှင့်ပတ်သက်၍ လမ်းပတ်က “ဒီအသင်းနဲ့ပတ်သတ်လို့ သူလုပ်ခဲ့တာတွေက ဂုဏ်ယူစရာကောင်းပါတယ်။ ဝုဗ်နဲ့ ပွဲစဉ်က သူ့အတွက် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို အရမ်းကျေးဇူးတင်သလို အကောင်းဆုံး ရှေ့ဆက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ လက်ကျန်ပွဲစဉ်တွေအတွက် ရှိနေဦးမှာ ဖြစ်ပေမယ့် ထိပ်တန်းကစားသမား တစ်ယောက် အသင်းကနေထွက်ခွာသွား မယ့်ပုံစံကိုကြည့်ရတာက အရမ်းကိုထူးခြားပါတယ်”ဟုဆိုခဲ့သည်။ 

ပတ်ဒရိုကလည်း ဝုဗ်နှင့်ပွဲစဉ်မှာ ၎င်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျနောက်ဆုံးပွဲစဉ် ဖြစ်ပြီး ချဲလ်ဆီးပရိသတ်အပါ အဝင်အခွင့် အရေးပေးခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ဖွင့်ဟခဲ့သည်။ 

နှလုံးသားထဲတွင် ချဲလ်ဆီးအသင်းကို အမြဲသိမ်းထားမည်ဖြစ်သလို အက်ဖ်အေ ဖလားဗိုလ်လုပွဲတွင် အနိုင်ရလဒ်အတွက် တိုက်ပွဲဝင်မည်ဟုဆိုခဲ့သည်။

ငြိမ်းပြည့်