News

POST TYPE

NEWS

မန္တလေးတွင် ၅ နာရီအတွင်း မီးလောင်မှုနှစ်ကြိမ်ဖြစ်၊ ကျပ်သိန်း ၁၀ဝ ကျော်ဖိုးဆုံးရှုံး
28-Jul-2020

မန္တလေး၊ ဇူလိုင် ၂၇

မန္တလေးမြို့တော်ရှိ မဟာအောင်မြေမြို့နယ်၌ ၅ နာရီအတွင်း မီးလောင်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး ကျပ်သိန်း ၁၀ဝ ကျော်ဖိုး  ပျက်စီးဆုံးရှုံးခဲ့သည်ဟု မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မဟာအောင်မြေမြို့နယ် ချမ်းမြသာစည်မြောက်ရပ်ကွက် ၄၂ လမ်း၊  ၈၀x၈၁လမ်းကြားရှိ ဘီယာဆိုင်တစ်ဆိုင် ဇူလိုင်လ ၂၆ ရက်နေ့ည ၈ နာရီဝန်းကျင်က မီးလောင်ခဲ့ကြောင်း၊ ဆိုင်အပေါ်ထပ်အိပ်ခန်းအတွင်းရှိ CCTV မှတ်တမ်းထားရာ Flat TV တွင် သွယ်တန်းထားသော Safeguard အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမီးလောင်မှုကြောင့် ကျပ် ၈၆ သိန်းကျော်ဖိုးဆုံးရှုံးခဲ့ရကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်မန်နေဂျာဖြစ်သူကို အမှတ်(၉) ရဲစခန်းတွင် (ပ)၅၀၉/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပြီး ၅ နာရီခန့်အကြာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် မဟာအောင်မြေမြို့နယ်  မဟာအောင်မြေ အရှေ့ရပ်ကွက် ၄၀x၄၁ လမ်းကြား၊ ၈၁x၈၂လမ်းကြားရှိ ဂျုံစက်တစ်ခု၌ မီးလောင်မှုထပ်မံဖြစ်ပွားခဲ့သည့်အတွက် သွားရောက်စစ်ဆေးကြည့်ရှုရာ ဦးစိန်ထွန်းပိုင်ဆိုင်သော အဆိုပါစက်ရုံအတွင်း ထားရှိသည့် လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ကိုတွေ့ရှိရပြီး ကျပ် ၂၆ သိန်းကျော်ဖိုးဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဂျုံစက်ရုံမှ တာဝန်ရှိသူကို အမှတ် ၉ ရဲစခန်းတွင်ပင် (ပ)အမှတ် ပုဒ်မ  (ပ)၅၁၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ ထပ်မံသိရသည်။ 

S-02