News

POST TYPE

NEWS

မြဝတီမြို့တွင် တရုတ်လူမျိုးအချင်းချင်း ဓားထိုးမှုဖြစ်
28-Jul-2020


တောင်ငူ၊ ဇူလိုင် ၂၇

ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ် ၅ ရပ်ကွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဇူလိုင်လ၂၆ ရက် ညနေ ၅ နာရီခန့်က တရုတ်လူမျိုး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ရာ ဓားထိုးခံရသူ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦးက ပြောကြားသည်။

“အထိုးခံရသူက ဆောက်လုပ်ရေးလုပ်ငန်းကပါ။ အလုပ်သမားခေါင်းက ဓားနဲ့ပြန်ထိုးတာ။ မြဝတီဆေးရုံကနေ ဘားအံဆေးရုံကို ပို့ထားတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါနေ့ ညနေပိုင်းတွင် မြဝတီမြို့နယ် အမှတ် ၅ ရပ်ကွက် မြတ်လင်းအေးမြိုင်လမ်းမပေါ်၌ အသက် ၃၉ နှစ်အရွယ် တရုတ်လူမျိုး လုံခြုံရေးဝန်ထမ်း အလုပ်သမား‌ခေါင်းနှင့် အသက် ၄၅ နှစ်အရွယ် တရုတ်လူမျိုးဆောက်လုပ်ရေးလုပ်ငန်းရှင်တို့စကားများရန်ဖြစ်ရာမှ လုံခြုံရေးဝန်ထမ်းကပိုင်ရှင်ကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကာ ဒဏ်ရာပြင်းထန်သဖြင့် ဘားအံဆေးရုံသို့ ပို့ဆောင်ကုသပေးနေရသည်ဟု  အဆိုပါရဲစခန်းထံမှ သိရသည်။ 

ယင်းအမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို မြဝတီမြို့မရဲစခန်းက (ပ)၄၅၀/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေး‌နေသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။ 

R-02