News

POST TYPE

NEWS

ရုတ်တရက် မြစ်ရေလျှံနိုင်သဖြင့် လူပေါင်းလေးသောင်းကျော်အတွက် စားနပ်ရိက္ခာများ ကြိုတင်ပြင်ဆင်
28-Jul-2020
၂၀၁၉ ခုနှစ် မိုးရာသီကာလက ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအချို့ တောင်ကျရေနှင့် ပင်လယ်ဒီရေကြောင့် ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်

ပုသိမ်၊ ဇူလိုင် ၂၇

ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်များတွင် ရုတ်တရက်မြစ်ရေ မြင့်တက်ကာ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လာပါက ရေဘေးသင့်ပြည်သူ ၄၂,ဝ၀ဝ ဦးအတွက် စားနပ်ရိက္ခာများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

သဘာဝဘေးမဖြစ်မီ စီမံချက်များ ရေးဆွဲပြင်ဆင်ခြင်းနှင့် ပြည်သူများလိုက်နာရမည့်အချက်များအား အသိပညာပေးသည့် လုပ်ငန်းများကို မြို့နယ် ၂၆ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခြင်းများပြုလုပ်ထားသည့်အပြင် ရေဘေးသင့်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။

"မိုးရွာသွန်းတာများလို့ ရုတ်တရက်ရေကြီးရေလျှံဖြစ်လာနိုင်တဲ့ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေ၊ ကယ်ဆယ်ရေးစခန်းတွေဖွင့်ဖို့ ပြင်ဆင်တာတွေလုပ်ထားတယ်။အဓိကဖြစ်တဲ့ စားနပ်ရိက္ခာအတွက်လည်း ပြင်ဆင်ထားတယ်" ဟု ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဦးသန်းစိုးက The Voice Daily သို့ ပြောကြားသည်။ 

မိုးရွာသွန်းသဖြင့် ရုတ်တရက် ရေကြီးလာနိုင်ဖွယ်ရှိသည့် ဒေသများမှ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများကို ကယ်ဆယ်ရေးစခန်းများ အဖြစ်လည်းကောင်း၊ စားနပ်ရိက္ခာအတွက် ကျပ်သိန်းတစ်ထောင်သုံးစွဲရန်အတွက်လည်းကောင်း ဖြည့်တင်းထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

"ဒီနှစ်က ရက်ထပ်နှစ်ဖြစ်တဲ့နှစ်ပါ။ ဒေသအခေါ် ဝါထပ်တယ်ပေါ့။ ဝါဆို နှစ်ကြိမ်ဖြစ်တယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အနိမ့်ပိုင်းတွေမှာ မိုးသည်းထန်ပြီး မြစ်ရေလျှံတာမျိုးတွေဖြစ်လေ့ရှိတယ်" ဟု မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုဖြစ်လေ့ရှိသည့် သာပေါင်းမြို့နယ် မဏ္ဍိုင်ကျေးရွာဒေသခံ ဦးကံဝင်းက ပြောကြားသည်။ 

မိုးသည်းထန်စွာ ရွာသွန်း၍ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပေါ်တတ်သည့်အတွက် ကုန်းမြင့်တွင် နေထိုင်သူများမှာ မြေပြိုမှုအန္တရာယ် ဖြစ်ပေါ်နိုင်ပြီး မြစ်ငယ်၊ ချောင်းငယ်ဘေး၌ နေထိုင်သူများအနေနှင့် ရေကြီးရေလျှံမှုအန္တရာယ်ရှိနိုင်၍ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်နှင့် သတိပေးချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း ဧရာဝတီ တိုင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ဦးစီးမှူးဒေါ်စိုးစိုးလွင်က အကြံပြုသည်။ 

ဧရာဝတီမြစ်ရေသည် ဆိတ်သာ၊ ဇလွန်၊ ဟင်္သာတမြို့များတွင် စိုးရိမ်ရေအမှတ်သို့ တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့နှင့် ငါးသိုင်းချောင်းမြို့တို့တွင် စိုးရိမ်ရေမှတ်သို့ တစ်ကြိမ်ခန့်နှင့်မအူပင်တွင် တိုးမြစ်ရေသည် တစ်ကြိမ်ခန့်စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ကြောင်း၊ ဧရာဝတီတိုင်း၌ ၂၀၁၉ ခုနှစ်အတွင်းက မြစ်ရေလျှံမှုအဖြစ် မြောင်းမြခရိုင်နှင့် မအူပင်ခရိုင်တို့တွင် နှစ်ကြိမ်စီဖြစ်ပွား ခဲ့ပြီး အိမ်ထောင်စုပေါင်း ၄၃၆ စုမှ လူဦးရေ ၂၀ဝ၀ နီးပါး ရေဘေးသင့်ခဲ့ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး မှတ်တမ်းအရသိရသည်။             

R-04