News

POST TYPE

NEWS

မြန်မာနိုင်ငံသား ၃၀၀ ကျော် ပြန်လည်ရောက်ရှိ
27-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂၆

ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၀၀ ကျော်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်အဖြစ် ကာတာလေကြောင်းမှ စင်းလုံးငှားလေယာဉ်သည် ခရီးသည် စုစုပေါင်း ၃၁၃ ဦးတင်ဆောင်၍ လန်ဒန်-ဒိုဟာ-ရန်ကုန် ခရီးစဉ်အတိုင်း ဇူလိုင်လ ၂၆ ရက်နေ့တွင် လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

ယင်းခရီးစဉ်တွင် ခရီးသည်များအဖြစ် ဗြိတိန်နှင့် ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများတွင် ရောက်ရှိနေသည့် သံဃာတော် ၂ ပါး အပါအဝင် သင်္ဘာသားများ၊ ကျောင်းသားများ၊ အစိုးရပညာတော်သင်များ၊ နိုင်ငံတကာကုမ္ပဏီဝန်ထမ်းများနှင့် အလည်အပတ်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပြင် သံတမန်များ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းဗီဇာ ကိုင်ဆောင်ထားပြီး မြန်မာနိုင်ငံသို့ တာဝန်နှင့် လူမှုရေးအရ အရေးတကြီးသွားရန်ရှိသည့် နိုင်ငံခြားသားများလည်း လိုက်ပါခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ကြောင့် ပုံမှန်လေယာဉ်များ ပျံသန်းမှုရပ်နားထားသည့် ကာလအတွင်း ဗြိတိန်နှင့် တာဝန်ယူထားသည့် ဆွီဒင်၊ ဒိန်းမတ်နှင့် အိုင်ယာလန်နိုင်ငံတို့မှ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာသံရုံး၊ လန်ဒန်မြို့က ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအား အဆိုပါလေယာဉ်ခရီးစဉ်တွင် ပါဝင်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများက လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့သည့်အပြင် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများရှိ မြန်မာသံရုံး ၁၁ ရုံးတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မေလဆန်းမှစတင်ပြီး ယခုအချိန်အထိ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသား ၉,၀၀၀ ဝန်းကျင်သည် လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိထားပြီးဖြစ်သည်။

S-09