News

POST TYPE

NEWS

လက်လီဆန်ဆိုင်များကို အရန်ရိက္ခာဆန်အိတ် တစ်ထောင်ကျော် ရောင်းချထား
27-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂၇

ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့သည့် ကုမ္ပဏီများထံမှ နိုင်ငံတော် အရန်ရိက္ခာဆန်အဖြစ် ဝယ်ယူသိုလှောင်ထားသည့် ဆန်များကို လက်လီဆိုင် ၅၀ ကျော်သို့ အိတ်ရေတစ်ထောင်ကျော် ရောင်းချထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ရိက္ခာဆန်အဖြစ်ဝယ်ယူထားသည့် လုံးရှည်။ ဧည့်မထ ၂၅ မှတ်ဆန်များကို ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၂,၈၀၀ ကျပ်နှုန်းဖြင့် မှတ်ပုံတင်အဆိုပြုလာသည့် လက်လီဆိုင်များကို တစ်ကြိမ်လျှင် အိတ်ရေ ၂၀၀ အထိ အများဆုံးထား ရောင်းချပေးခဲ့ရာ လက်လီဆန်အရောင်းဆိုင်များကတဆင့် ပြည်သူများထံ တစ်ပြည်လျှင် ၁,၁၀၀ ကျပ်ထက်မပိုသည့်ဈေးနှုန်းနှင့် ပြန်လည်ရောင်းချပေးနေခြင်းဖြစ်သည်။

“လက်လီဆိုင် ၅၀ ကျော်လောက်တော့ ကျွန်တော်တို့ဆီ စာရင်းတင်ထားတာရှိပါတယ်။ လောလောဆယ်တော့ တန်ချိန်နဲ့ မဟုတ်ဘဲ အိတ်ရေနဲ့ပဲ သတ်မှတ်ပြီး အိတ်ရေ တစ်ထောင်ကျော်တော့ ရောင်းချပေးပြီးပါပြီ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ပြောကြားသည်။

လက်လီဆိုင်များအနေနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချပါက ဆန်ဝယ်ယူရောင်းချခွင့်ကို ပယ်ဖျက်သွားမည်ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကာလအတွင်း ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရန်၊ ဆန်ဈေးနှုန်းတည်ငြိမ်ရန်၊ တောင်သူလယ်သမားများ စပါးပေါ်ချိန် ဝင်ငွေမကျဆင်းစေရန်နှင့် ပို့ကုန်လုပ်ငန်း ပုံမှန်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပကို ဆန်၊ ဆန်ကွဲများ တင်ပို့သည့် ကုမ္ပဏီများထံမှ နိုင်ငံတော်ရဲ့ အရန်ရိက္ခာဆန်အဖြစ် လုံးရှည်/ဧည့်မထ ၂၅ မှတ် ဆန်ကို ဧပြီလက စတင်ဝယ်ယူသိုလှောင်ထားခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော် အရန်ရိက္ခာဆန် ဝယ်ယူရေးအစီအစဉ်အရ ဝယ်ယူထားသည့်ဆန်သည် သတ်မှတ်ပမာဏဖြစ်သည့် တန်ချိန်ငါးသောင်း ပြည့်မီသွားသည့်အတွက် ပြည်ပသို့ ဆန်၊ ဆန်ကွဲများတင်ပို့သည့် ကုမ္ပဏီများထံမှ ပို့ကုန်လိုင်စင်အပေါ် အရေးပေါ်ရိက္ခာဆန်ပေးသွင်းမှုကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေငြာထားသည်။

S-07