News

POST TYPE

NEWS

သက်တမ်းကုန်သည့် YBS ယာဉ်မောင်း Smart Card များ သက်တမ်းတိုးပေး
27-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂၆

ခရီးသည်များ၏ တိုင်ကြားမှုများနှင့်ပတ်သက်ပြီး စိစစ်နိုင်ရန်ထုတ်ပေးထားသည့် ယာဉ်မောင်းစမတ်ကတ် (Smart Card) များကို ဇူလိုင်လလယ်မှစတင်ကာ သက်တမ်းတိုးဆောင်ရွက်ပေးနေကြောင်း YRTA မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောကြားသည်။

လက်ရှိတွင် စမတ်ကတ်များကို ယာဉ်မောင်း ၈၉၀ဝ ဦးကို ထုတ်ပေးထားကာ သက်တမ်းများကုန်နေပြီဖြစ်၍ သက်တမ်းတိုး ဆောင်ရွက်ပေးလျက်ရှိရာ ယာဉ်မောင်း ၅၉၃ ဦး သက်တမ်းတိုး လာရောက်ဆောင်ရွက်ကြောင်း သိရသည်။

"သက်သေခံ Smart Card များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင် ထုတ်ပေးခဲ့တယ်။ Smart Card တွေကို တစ်နှစ် သက်တမ်းပေးထားပါတယ်။ မတ်လ ၂၂ ရက်နေ့တော့ ၅၀ဝ ကျော်လာပြီး သက်တမ်းလာတိုးကြတယ်။ ယာဉ်မောင်း အချက်အလက်တွေ Update ဖြစ်အောင် သက်တမ်းတိုးရပါမယ်"ဟု ဦးအောင်ညီညီမော်က ပြောသည်။

ထုတ်ပေးထားသည့် Smart Card များတွင် ယာဉ်မောင်းသူ၏ အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ကိုယ်ရေးအချက်အလက်များအပြင်  ID နံပါတ်၊ QR ကုတ် နှင့် ဘားကုတ်များကိုလည်း ထည့်သွင်းထားပြီး ယာဉ်မောင်းများနှင့်ပတ်သက်ပြီး တိုင်ကြားသည့်ကိစ္စများ၊ ယာဉ်လိုင်းများမှ ယာဉ်မောင်းများကို ထုတ်ပယ်သည့် ကိစ္စရပ်များကို စိစစ်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်မောင်းများ၏ အချက်အလက်အနေဖြင့် မည်သည့်ကုမ္ပဏီ၌ ယာဉ်မောင်းနေခြင်း၊ ပြောင်းရွှေ့သည့်ကုမ္ပဏီနှင့် လုပ်ငန်းလုပ်ကိုင်သည့်သက်တမ်းများကိုလည်း လွယ်လင့်တကူရှာဖွေနိုင်မည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

ယခုနှစ် ဇွန်လပိုင်းတွင် တိုင်ကြားမှု ၁၀၅ မှု၊ ချလန်ဖြတ်အရေးယူမှု ၉၈ မှုကို အရေးယူခဲ့ပြီး ယာဉ်မတော်တဆမှုတွင် ယာဉ်တိုက်မှု ၁၃ မှုနှင့် အခြားပြစ်မူ ၁၄ မှု ရှိခဲ့ကြောင်း YRTA ထံမှ သိရသည်။

ယင်းကတ်များကို နောက်ပိုင်းတွင် Telematic စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး ချိတ်ဆက်ပြီးပါက ခရီးစဉ် လမ်းကြောင်းကြာချိန်၊ သတ်မှတ်ရပ်နားရမည့်နေရာများတွင် ရပ်နားခြင်းရှိ/မရှိ၊ ယာဉ်ထွက်ခွာချိန်၊ ရောက်ရှိချိန်၊ သတ်မှတ်မိုင်နှုန်း မောင်းနှင်ခြင်း ရှိ/မရှိ၊ ထိုင်ခုံခါး ပတ်ပတ်ထားခြင်း ရှိ/မရှိ၊ ဘရိတ်နင်းသည့် အကြိမ်အရေအတွက်စသည်တို့ကို  ရန်ကုန်ဘတ်စ် အော်ပရေတာမှ ကြည့်ရှုထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

S-05