News

POST TYPE

NEWS

စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသောင်းကျော်သို့ရောက်ရှိ
27-Jul-2020


စင်ကာပူ၊ ဇူလိုင် ၂၆

စင်ကာပူနိုင်ငံတွင် ဇူလိုင်လ ၂၆ (တနင်္ဂနွေ)နေ့က ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ ၄၈၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းအနက်ငါးဦးမှာ ပြည်တွင်း၌ ကူးစက်ခံရခြင်းဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါ ကူးစက်မှုသစ်များထပ်မံတွေ့ရှိခြင်းကြောင့် စင်ကာပူတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၅၀,၃၆၉ ဦးထိ ရှိသွားပြီဖြစ်သည်။ 

စင်ကာပူနိုင်ငံထဲသို့ဝင်ရောက်လာပြီး နေအိမ်၌အသွားအလာကန့်သတ်ခံထားရသူများထဲတွင်လည်း ပိုးရှိသူ လေးဦးထပ်တွေ့ခဲ့သည်။ 

ရောဂါပိုးရှိကြောင်းထပ်မံတွေ့ရှိခဲ့ သူအများစုမှာ ပြည်ပအလုပ်သမားများ နေထိုင်ရာအဆောင်များတွင် အလုပ်လုပ်ခွင့်ပါမစ်ဖြင့် နေထိုင်သူများဖြစ်သည်ဟု စင်ကာပူအာဏာပိုင်များကပြောကြားသည်။

လတ်တလောအနေအထားတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား နယ်စပ်ဒေသဖြတ်သန်းမှုများကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်လျက်ရှိသည်။ 

မည်သည့်အချိန်ကာလတွင် နယ်စပ်ဖြတ်သန်းသွားလာမှုများကို ပြန်လည်ခွင့်ပြုမည်ကို မကြေညာသေးပေ။ 

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘယ်လာခရှစ်နန်က "ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေ၊ ကိန်းဂဏန်းတွေကို တစ်ပတ်နှစ်ပတ်လောက်စောင့်ကြည့်ခွင့်ပေးပါဦးလို့ပဲပြောချင်ပါတယ်။ စင်ကာပူရော၊ မလေးရှားဘက်မှာပါ စိတ် ချလောက်တဲ့အတိုင်းအတာအထိ ကပ်ရောဂါကြီးကို ထိန်းချုပ်နိုင်တဲ့အခါမှာ နှစ်နိုင်ငံနယ်စပ်ဒေသဖြတ်သန်းသွားလာမှုတွေကို ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုသွားမှာပါ" ဟု သတင်းထောက်များကို ပြောကြားသည်။ 

ဝန်ကြီး ဗီဗီယန်သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နယ်စပ်ဖြတ် သန်းမှုနှင့်ပတ်သက်၍ အသိပေးပြောကြားခြင်းလည်းဖြစ်သည်။ 

ဇူလိုင်လ ၂၆ ရက်နေ့တွင်ရရှိသော စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆ ဒသမ ၁ သန်းရှိပြီး ယင်းရောဂါကြောင့် သေဆုံး သူ ၆၄၅,ဝ၀ဝ ကျော်ရှိပြီဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကင်းစင်ကာ ရောဂါပျောက်ကင်းသွားသူပေါင်း ၉ ဒသမ ၂၇ သန်းရှိသည်။  

F-01