News

POST TYPE

NEWS

အမ်းမြို့နယ်တွင် လက်နက်ကြီးကျည်ကျသဖြင့် အရပ်သား လေးဦးဒဏ်ရာရ
27-Jul-2020


အမ်း၊ ဇူလိုင် ၂၆ 

ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ် ကစုကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းကျေးရွာ၌ ဇူလိုင် ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က လက်နက်ကြီးကျည်ကျသဖြင့် အရပ်သားလေးဦးဒဏ်ရာရရှိခဲ့ပြီး ဒေသခံတစ်ဝက်နီးပါး ထွက်ပြေးသွားကြသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ထံမှသိရသည်။

လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိသူများမှာ သဲကမ်းထောင်းကျေးရွာမှ အသက် (၂၅) အရွယ် ဦးငလုံး၊  ဒေါ်မေလှချေ (၂၅)
နှစ်၊ အသက် (၅၀) အရွယ် ဦးထွန်းထွန်းသိန်းနှင့် ဦးမောင်မောင်သန်း အသက် (၅၅) နှစ်တို့ဖြစ်ပြီး ဝမ်းဗိုက်၊ လည်ပင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းတို့ကို မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ဆေးရုံသို့ပို့ဆောင်ထားသည်ဟု ကူညီရေးအဖွဲ့က ဆိုသည်။

အမ်းမြို့နယ်မှ စစ်ဘေးရှောင်အရေးကူညီပေးနေသူ ကိုမျိုးလွင်​က"ကစုကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းမှာ လက်နက်ကြီးကျည်ကျပြီးတော့ အရပ်သားလေးယောက် ဒဏ်ရာရထားတာရှိပါတယ်။ အဲ့ဒါက ဒီနေ့မနက် ၁၁ နာရီကျော်လောက်က ဖြစ်တာပါ။ အခုသူတို့ကို ကမ်းထောင့်ကြီးမြို့ ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်။ အခုဆိုရင်ဆေးရုံကို ရောက်လောက်ပါပြီ။ 

အဲဒီမှာ လက်နက်ကြီးကျည်ကျလို့ ဒီနေ့မှာပဲ ရွာကလူတွေ ဘေးလွှတ်ရာကို ထွက်ပြေးသွားပြီလို့ သိရတယ်။ အဲဒီရွာမှာက တစ်ဝက်လောက် ထွက်ပြေးသွားတယ်လို့သိရတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက ရွာမှာကျန်ခဲ့တယ်လို့ သိရတယ်။ ဒေသခံတွေက ဖုန်းဆက်သွယ်လာလို့ ကျွန်တော်တို့ သိရတာပါ"ဟု ပြောဆိုသည်။

ယခုကဲ့သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုသည် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို အတိအကျမသိကြောင်း၊ ဇူလိုင်လ ၂၅ 
ရက်နေ့က ကစုကိုင်းကျေးရွာအုပ်စုအနီး တပ်မတော်နှင့် AA တို့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများအဆိုအရ သိရသည်။

အမ်းမြို့ပေါ်မှ စစ်ဘေးရှောင်များကို ကူညီပေးနေသူ ဦးသန်းချိုက "ဟိုနေ့ကတော့ အဲ့ဒီကစုကိုင်းဘက်မှာ  တိုက်ပွဲငယ်တစ်ခုဖြစ်ကြတယ်လို့ပြောသံကြားတယ်။ တိုက်ပွဲဖြစ်တာက မနေ့ကဖြစ်တာလို့သိရတယ်"ဟု ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များကို  ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာမှုများကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုမှာ ၂၀၁၈ ခုနှစ် 
ဒီဇင်ဘာလကုန်ပိုင်းမှ ၂၀၂၀  ပြည့်နှစ် မေလထိတစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၂၅၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ ၅၄၃ ဦးအထိရှိနေပြီဟု အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် စာရင်းအရသိရသည်။

ထက်အောင်စိုင်း (VOM)