News

POST TYPE

NEWS

၁၀ လကျော်ကြာ ရပ်ထားသည့် Yangon Water Bus ဩဂုတ်လ ၁ ရက်နေ့ ပြန်လည်ပြေးဆွဲမည်
26-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂၅

၁၀ လကျော်ကြာ ရပ်နားခဲ့သည့် Yangon Water Bus ကို ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း Yangon Water Bus ထုတ်ပြန်ချက်အရ သိရသည်။

စတင်ပြေးဆွဲရာတွင် Yangon Water Bus အနေနှင့် ရန်ကုန်တစ်ဖက် ကမ်းလမ်းသစ်- ဆာပါချောင် ခရီးစဉ်ကို စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Yangon Water Bus ထံမှသိရသည်။

ထိုသို့ပြန်လည်ပြေးဆွဲရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် သည့်အနေနှင့် နှာခေါင်းစည်းတပ်ဆင်ထားသူများသာ စီးနင်းခွင့်ရရှိမည်ဖြစ်ပြီး ရေယာဉ်ပေါ်သို့ တက်ရောက်ပါက ဝင်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံးပြန်လည်ဖွင့်လှစ်သည့်အထိမ်းအမှတ်အနေနှင့် ခရီးသွားပြည်သူ များကို ဩဂုတ်လ ၁ ရက်နေ့ တစ်နေ့လုံး အခမဲ့စီးနင်းခွင့်ရရှိသွားမည်ဖြစ်သည်။

Yangon Water Bus ကို ပြန်လည်ပြေးဆွဲရာတွင် စင်ကာပူကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ကာ Payment စက်များတပ်ဆင်ထားပြီး KBZ pay၊ CB pay၊ Wave Money Account များဖြင့် ပေးချေစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Yangon Water Bus ပြေးဆွဲမှု ကို၂၀၁၇ခုနှစ်၊ အောက်တိုဘာလအတွင်း မှစတင်ကာ ရန်ကုန်မြစ်ရှိ ဆိပ်ကမ်းများ သို့ ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ယင်း Yangon Water Bus ပြေးဆွဲသည့်လုပ်ငန်းကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ က သင်္ဘောနှင့်ဆိပ်ကမ်းအဆင့်မြှင့်တင်နေသည့်အတွက် ရပ်နားထားကြောင်းနှင့် ယင်း Yangon Water Bus Page တွင် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံခြားမှ အသစ်ဝယ်ယူထားသည့် ရေယာဉ်များဖြင့် ပြေးဆွဲမည်ဟု ကြေညာထားသည်။

Tint Tint Myanmar Group  ကုမ္ပဏီအနေနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် Petro & Trans Group ကုမ္ပဏီ ထံမှ အကြွေးစနစ်ဖြင့် ဝယ်ယူခဲ့သည့် ဒီဇယ် ဆီဖိုးငွေပေးချေရန် ကျန်ရှိသည့်အတွက် တောင်းခံကာ တရားစွဲသည့် ပြဿနာ ဖြစ်ပေါ်ခဲ့ပြီး ဇွန်လတွင်းကလည်း KBZ ဘဏ်မှ Yangon Water Bus ပိုင်ရှင် ဒေါ်တင့်တင့်လွင်ကို ကျပ်သိန်းပေါင်း ၇ သောင်းကျော် ရယူလိုမှုဖြင့် တရားစွဲဆိုထားသည်။

ယင်းတရားစွဲဆိုထားမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖြေရှင်းထားသည့် အခြေအနေများကိုမူ သိရှိရခြင်းမရှိသေးပေ။

S-05