News

POST TYPE

NEWS

COVID-19 ပညာပေးစံပြကျောင်း ပထမဆုကို စစ်ကိုင်းတိုင်းမှ အထက်တန်းကျောင်းတစ်ကျောင်းရရှိ
16-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၁

ကျန်းမာပျော်ရွှင်ပညာသင် ကြိုတင်တားဆီး COVID-19 ပညာပေး စံပြဆုရကျောင်းအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမပင်မြို့နယ်မှ အထက-ကျောက်မှော်က ပထမဆုရရှိသွားကြောင်း အခြေခံပညာ ဦးစီးဌာနက ကြေညာသည်။

၂၀၂၀-၂၁ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနနှင့် စိုးလျှပ်စစ်ဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပခဲ့သည့် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ပြုလုပ်ခဲ့သည့်ပြိုင်ပွဲတစ်ခုဖြစ်ပြီး အစိုးရကျောင်းများထဲမှ စစ်ကိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ အထက-ကျောက်မှော်က ပထမ၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ အထက(၂) စမ်းချောင်းက ဒုတိယ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရှိ အထက (၄) တောင်ကြီးက တတိယတို့ရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို အစိုးရကျောင်းများအပြင် ကိုယ်ပိုင်အထက်တန်းကျောင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ ICTC  ကိုယ်ပိုင်အထက်တန်းကျောင်းက ပထမ၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ သံလွင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့က တတိယ အသီးသီးရရှိခဲ့သည်။

အဆိုပါကျောင်းများကို လက်ရှိကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် လိုက်နာကျင့်သုံးရမည့်အချက်များနှင့် ကျောင်းများတွင် COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများပြင်ဆင်ထားရှိမှုကို စိစစ်အကဲဖြတ်ကာ ဆုရကျောင်းများအဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော ဝန်းကျင်ဖြစ်ရန် ကျောင်းသားတစ်ဦးလျှင် ၃၆ စတုရန်းပေခွာထားခြင်း၊ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးအတွက်သာ ခုံစီထားကာ အများဆုံးပုံမှန်ဖွင့်သောကျောင်းများ၊ တစ်ပတ်ခြားကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ် ၃ ရက်တက်ကျောင်းများကို ပညာရေးဝန်ကြီးက စီစဉ်ထားသည်။

S-09