News

POST TYPE

NEWS

၁၀ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံကျော်ဝင်ရောက်
15-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၅

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀ လတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ လုပ်ငန်းပေါင်း ၂၀၈ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ယ၄၉၈ ဒသမ ၅၁၈ သန်းရှိသည်။

“လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကနေ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံ မျှော်မှန်းထားတဲ့အတိုင်း ရောက်မယ်လို့မှန်းပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၅၅၇ သန်း ရရှိထားသောကြောင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံကျော် ရရှိထားကြောင်း ယင်းဌာနထံမှ သိရသည်။

လက်ရှိတွင် COVID-19 ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ ရှိနေသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျှက်ရှိပြီး လက်ရှိ လုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်း၊ လုပ်သားအင်အားတိုးမြှင့်ခြင်းများရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး နိုင်ငံ။ ဒေသပေါင်း ၅၁ ခုမှ စီးပွားရေးကဏ္ဍ ၁၂ ခု တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၂၆ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာ၀ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

S-07