News

POST TYPE

NEWS

ကိုဗစ်အလွန်တွင် ရိက္ခာထုတ်လုပ်ရောင်းချသည့်နိုင်ငံအဖြစ် ထူထောင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒရှိဟုဆို
15-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်အလွန်ကာလတွင် မြန်မာနိုင်ငံကို နယူးဇီလန်နိုင်ငံကဲ့သို့ ရိက္ခာထုတ်လုပ်ရောင်းချသည့်နိုင်ငံအဖြစ် ထူထောင်လိုသည်ဟု ဆန္ဒရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကိုဗစ်အလွန်ကာလဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးပုံစံသစ် အပိုင်း ၁ ဟူ၍ သုံးသပ်ရေးသားထားခြင်းဖြစ်ပြီး ဆက်လက်တင်ပြမည်ဟူ၍လည်း ထည့်သွင်းရေးသားထားသည်။

ယခုရည်ရွယ်ချက်သည် နိုင်ငံအတွက် ကိုဗစ်အလွန်ကာလစီးပွားရေး ရေရှည်ဖွံဖြိုးမှုအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပြီး ယင်းအယူအဆကို ကိုဗစ်အလွန်ကာလ မြန်မာနိုင်ငံကို စားနပ်ရိက္ခာထုတ်လုပ် ရောင်းချသည့်နိုင်ငံအဖြစ် ဆောင်ရွက်နိုင်မည့်အပေါ် အမြင်သဘောထားကိုလည်း မေးမြန်းထားခြင်းဖြစ်ပြီး အမြင်အမျိုးမျိုးကိုလည်းကြိုဆိုကြောင်း ရေးသားထားသည်။

“သီးနှံအမျိုးအစားအလိုက် စိုက်ရမယ့်ဧက၊ ပြည်တွင်းစားသုံးမှု၊ ပြည်ပတင်ပို့နိုင်မယ့်ပမာဏ စတာတွေကို အချက်အလက်တိကျစွာ ကောက်ယူရရှိအောင် အမြန်ဆောင်ရွက်စေချင်ပါတယ်” ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံသည်လည်း ကိုဗစ်အလွန်ကာလ New Normal အရ မည်သည့်စီးပွားရေးပုံစံသစ်ဖြင့် ရှေ့ဆက်သွားကြရမည်ဆိုသည်ကို ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကိုဗစ်ကြောင့်နိုင်ငံတိုင်းသည် စားနပ်ရိက္ခာအတွက်ပူပင်လာကြကာ ရိက္ခာဈေးများလည်းတက်လာနိုင်ပြီး ရောဂါဘယ၊ ရာသီဥတုပြောင်းလဲမှုများကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုကိုထိခိုက်၍ ရှားပါးလာနိုင်ကြောင်း ထည့်သွင်းရေးသားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းမှု၊ ပြည်သူများ၏ တခဲနက် ဒါန၊ စေတနာ၊ လုပ်အား ပူးပေါင်းပါဝင်မှုများကြောင့် ကိုဗစ်၏ ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ပေါ်လာနိုင်သည့် ဒုတိယလှိုင်းအတွက် သတိမပေါ့လျော့ရန် အထူးလိုအပ်ကာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကိုဗစ်ကြောင့် ထိခိုက်နစ်နာမှုများ လျော့ပါးရေးနှင့် ကုစားရေးအတွက်ကြိုးပမ်းနေကြပြီး ကိုဗစ်အလွန်ကာလ ဖြစ်ပေါ်လာနိုင်သည့် ဆက်ဆံရေးပုံစံသစ် New Normal အရ အထူးသဖြင့် စီးပွာရေးကိုမည်သည့်ပုံစံဖြင့် ထူထောင်ကြမည်ဆိုသည်ကို အရေးတကြီးဆွေးနွေး ပြင်ဆင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ဒေါက်တာသန်းမြင့်က ထည့်သွင်းရေးသားထားသည်။

S-07