News

POST TYPE

NEWS

မြန်မာလိဂ်ဘောလုံးပြိုင်ပွဲ အမြန်ဆုံးပြန်လည်ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများကို ကျန်းမာရေးဝန်ကြီးဌာနစစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေး
15-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကျင်းပရန် ပြင်ဆင်ထားရှိသည့် ဘောလုံး ကွင်းများနှင့် ပြိုင်ပွဲဝင်ကလပ်အသင်းအနေနှင့် ပြင်ဆင်ထားမှုများကို လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင် (ရောဂါနှိမ်နင်းရေးဌာန) ဦးဆောင်ပြီး ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် ဗဟို ကူးစက်ရောဂါ နှိမ်နင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်တို့ပါဝင်သော ကျန်းမာရေးစစ်ဆေးရေးအဖွဲ့သည် ပြိုင်ပွဲများကျင်းပမည့် YUSC ဘောလုံးကွင်း၊ ရန်ကုန်ယူနိုက်တက်အသင်း၏ အိပ်ဆောင်၊ စားရိပ်သာ၊ ကာယလေ့ကျင့်ရေးခန်းမ၊ လေ့ကျင့်ရေးကွင်းများနှင့် သုဝဏ္ဏဘောလုံး ကွင်းတို့ကို လာရောက်စစ်ဆေးခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ စစ်ဆေးရေးအဖွဲ့ဝင်များကလည်း အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက် ထားမှုများမှာ ပြည့်စုံကောင်းမွန်မှု ရှိပါ ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘောလုံးပွဲများ ကျင်းပရာတွင် ပါဝင်မည့်သူ အားလုံးအနေနှင့် ကျန်းမာ ရေးလမ်းညွှန်ချက်များကို သေချာစွာ သိရှိ လိုက်နာ ဆောင်ရွက်ပေးပါက ပြဿနာ ကြီးကြီးမားမား မရှိပါကြောင်း၊ သို့သော် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ အမြန်ဆုံး ပြန်လည်စတင်လိုပါက အန္တရာယ် အကင်းဆုံးဖြစ်စေရန်အတွက် ဖြစ်နိုင်ပါက ပါဝင်ယှဉ်ပြိုင်ကစားမည့် ကလပ်အသင်း များမှကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူ များ အားလုံး အပါအဝင် ဘောလုံးပွဲများကို အနီးကပ် တာဝန်ယူကိုင်တွယ်မည့် ဒိုင်လူ ကြီးများပါ ပြိုင်ပွဲကြိုကာလတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးထားသင့်ကြောင်း တာဝန်ရှိသူများက ပြောသည်။

 ထိုသို့ စစ်ဆေးနိုင်ပါက ပိုမိုပြီး စိတ်ချလုံခြုံမှု အပြည့်အဝ ရှိနေနိုင်မည်ဟု အကြံပြုတိုက်တွန်းလိုကြောင်း၊ ကျန်းမာ ရေးဝန်ကြီးဌာနအနေနှင့်လည်း အားလုံး အတွက် အလွန်အရေးကြီးသည့် မြန်မာ နေရှင်နယ်လိဂ်ဘောလုံးပွဲများ အန္တရာယ် တစ်စုံတစ်ရာမရှိဘဲ အမြန်ဆုံး ပြန်လည် ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိရေးအတွက် လည်း ပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် ဗဟိုအမျိုးသားကော်မတီသို့ အမြန်ဆုံး တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဆွေးနွေး ပြောကြားသွားခဲ့သည်။

ထို့နောက် နိုင်ငံ့လက်ရွေးစင်အသင်း များ စခန်းသွင်းလေ့ကျင့်ရေးနှင့် ဘောလုံး အကယ်ဒမီ(ရန်ကုန်) ပြန်လည်ဖွင့်လှစ် နိုင်ရေးတို့ကိုပါ သွားရောက်စစ်ဆေးခဲ့ပြီး ကျန်းမာရေးဆိုင်ရာ လိုအပ်သည့် အကြံပေး မှုများ ပြုလုပ်ခဲ့သည်။ 

မြန်မာနေရှင်နယ်လိဂ် ကော်မတီ အနေနှင့်ပြိုင်ပွဲများ အမြန်ဆုံးပြန်လည် စတင် ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်ချက်အရ ထပ်ဆင့်ညွှန်ကြားမည့် လုပ်ငန်းလမ်း ညွှန်ချက်များကို ကလပ်အသင်းများသို့ ထပ်မံအသိပေးသွားမည့်အပြင် ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင် ကျင်းပနိုင်ရန် နိုင်ငံတော် အစိုးရ၏တရားဝင် ခွင့်ပြုချက် ရရှိသည်နှင့် ပြိုင်ပွဲစတင် ကျင်းပမည့် နေရက်နှင့် ပွဲစဉ်ဇယားအသေးစိတ်ကို ထပ်မံ အတည်ပြုထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ချစ်ဝိုင်း