News

POST TYPE

NEWS

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျေးလက်မီးလင်းရေး ရှေ့ပြေးတပ်ဆင်ရေးလုပ်ငန်း စတင်ဆောင်ရွက်
15-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၄

ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) အဖွဲ့အထောက်အပံ့ဖြင့်ဆောင်ရွက်မည့် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ရှေ့ပြေး တပ်ဆင်ရေး (Pilot Installation) စတင် ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ထံမှ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာတွင် အိမ်သုံးဆိုလာစနစ် ရှေ့ပြေးတပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

ဂျာမန်ဖွံ့ဖြိုးရေးဘဏ်သည် ယင်း စီမံကိန်းဆောင်ရွက်ရန်အတွက် ယူရို ၇ သန်းနှင့် နည်းပညာအကူအညီပေးရေးအတွက် ယူရို ၂ သန်း စုစုပေါင်းယူရို ၉ သန်းခန့်ကို ထောက်ပံ့ပေးထားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

လုပ်ငန်းဆောင်ရွက်ရာတွင် KfW အဖွဲ့၏ ဝယ်ယူရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ နိုင်ငံတကာအပြိုင်တင်ဒါစနစ်နှင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး တင်ဒါစစ်ဆေးရာတွင် ဂျာမနီနိုင်ငံအခြေစိုက် နည်းပညာအကြံပေးအဖွဲ့အကူအညီနှင့် စစ်ဆေးခဲ့ရသည့်အပြင် ဂျာမနီနိုင်ငံကို ပေးပို့စစ်ဆေးခြင်း၊ နမူနာပစ္စည်းများကိုလည်း နည်းပညာ ပိုင်းစစ်ဆေးသည့်အခါတွင် တရုတ်နိုင်ငံအထိ ပေးပို့စစ်ဆေးခြင်းနှင့် တင်ဒါအောင် မြင်သည့်ကုမ္ပဏီများကို ပဏာမရွေးချယ် ပြီးချိန်တွင်လည်း နမူနာပစ္စည်းများကို ထပ်မံစစ်ဆေးခဲ့သောကြောင့် လုပ်ငန်း ဆောင်ရွက်သည့်အချိန်သည် အနည်း ငယ်နောက်ကျခဲ့ကြောင်း NEP ထံမှ သိရသည်။

အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၆၀ ရာခိုင်နှုန်း၊ ကျေးလက်နေပြည်သူများက ၂၀ ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းဖြင့် အသီးသီးထည့်ဝင်ဆောင်ရွက်ကြခြင်းဖြစ်သည်။

S-07